ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုထဲ စစ်ကောင်စီတပ် တပ်စွဲထားသည့် မှော်ဝမ်းကလေးဘုရားဝင်းနှင့် မီတာ ၃၀၀ အကွာ၌ရှိနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များအား ပစ်ခတ်မှုမလုပ်ရန်နှင့် ပစ်ခတ်ပါက ကျေးရွာပျက်စီးသွားမည်ဟု စစ်ကောင်စီတပ်ဘက်က ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံတို့က ပြောသည်။
ပြီးခဲ့သည့် ၂ ရက်ကျော်ခန့်က လုံးခင်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းများက ဇွန်လ ၁၆ ရက်တွင် မှော်ဝမ်းကလေးကျေးရွာဘက်ကို ဝင်ရောက်လာပြီး လက်ရှိ၌ မှော်ဝမ်းကလေး ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းမှာ တပ်စွဲထားသည်ဟု ဖားကန့်ဒေသခံတို့က ပြောဆိုသည်။
ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက “ပြီးခဲ့တဲ့နှစ်ရက်လောက်ကနေ မဇွပ်ယန်မှာရှိနေတဲ့ စစ်ကြောင်းတွေက ဒီကနေ့ (ဇွန် ၁၆ ရက်) မနက်မှာ မှော်ဝမ်းကလေးဘက်ကို စစ်ကြောင်းဝင်လာတယ်။ အခုစစ်ကြောင်းတွေ တပ်စွဲထားတဲ့ ဘုရားဝင်းကနေ မီတာ ၂၀၀ ၊ ၃၀၀ လောက်မှာ KIA နဲ့ PDF တွေ ရှိနေတယ်။ သူတို့ကို လာမပစ်ဖို့ပြောတယ်။ တကယ်လို့ပစ်ရင် ကျေးရွာပျက်သွားမယ်လို့ပြောထားတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီတပ် ဝင်ရောက်နေပြီဖြစ်သည့် မှော်ဝမ်းကလေးတွင် တိုက်ပွဲများမဖြစ်ပွားစေရန် စစ်ကြောင်းမှူးများနှင့် လုပ်ငန်းရှင်များကြား ညှိနှိုင်းမှုလည်းရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဝင်ရောက်လာသည့်အတွက် မှော်ဝမ်းကလေးကျေးရွာရှိ ဒေသခံပြည်သူ ၈၀ ရာခိုင်နှုန်းနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်ရှိတွင် ကျေးရွာထဲ၌ ရပ်မိ/ရပ်ဖတချို့သာ ကျန်ရှိနေသည်ဟု ဆိုသည်။
မှော်ဝမ်းကလေးကျေးရွာ၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နောက်ပိုင်း လုံးခင်းအုပ်စု မှော်ဆီစာ၊ မဇွပ်ယန်၊ ကဋေမှော် စသည့် ကျေးရွာတို့တွင် စစ်ရေးလှုပ်ရှားခဲ့ပြီး ကုမ္ပဏီလုပ်ကွက်ထဲက စက်ယန္တရားများကိုလည်း မီးရှို့ဖျက်ဆီးမှု ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့နယ်ထဲ၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့က သိမ်းပိုက်ထားသည့် နေရာများအားလုံးကို ပြန်လည်ရယူဖို့ရန် မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီးနှင့် မော်မောတောင်အထိ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံများက သုံးသပ်ပြောဆိုသည်။
“ဒီစစ်ကြောင်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ လုံးခင်းအုပ်စုထဲမှာ သူတို့လုပ်စရာရှိတာလုပ်ပြီးတော့ ဒီဘက်ကို ပြန်ဝင်လာကြတာဖြစ်တယ်။ အခုက မှော်ဝမ်းကလေးကနေ မှော်ဝမ်းကြီး၊ မော်မောတောင်တကြောအထိသွားဖို့ ဖြစ်နိုင်တယ်။ လုံးခင်းအုပ်စုထဲမှာ ပြီးသွားလို့ ဖားကန့်အုပ်စုထဲကို ပြန်ဝင်လာတဲ့သဘောပါ” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်ဒေသထဲကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသည့်နောက်ပိုင်း လုပ်ငန်းရှင်ကုမ္ပဏီများ၏ စက်ယန္တရားအများအပြား မီးရှို့ဖျက်ဆီးခံနေရသလို အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးမှုလည်း ဆက်တိုက်ဖြစ်ပေါ်နေသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများ ဖားကန့်ဒေသထဲ ဝင်ရောက်လာသည့် ၂ ပတ်ကျော်အတွင်း အရပ်သားပြည်သူ သေဆုံးသူ ၃၀ ဦးအထိရှိလာသည်ဟု ဖားကန့်ဒေသခံများ ပြောဆိုမှုအရ သိရသည်။
KNG ပေးပို့သည်။