ဖားကန့်၊ ဆိုင်းတောင်တိုက်ပွဲ၌ ပစ်သတ်ဖမ်းဆီးခံထားရသူများတွင် အရပ်သားများပါဝင်နေဟုဆို

0
137
ပုံစာ - ဖားကန့်၊ ဆိုင်းတောင်တွင် လက်နက်ကြီးကျမှန်ပေါက်ကွဲပြီး နေအိမ်တချို့ မီးလောင်ပျက်စီးနေသည့် မြင်ကွင်း။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ၅ ရက်မြောက်ရှိလာပြီဖြစ်ပြီး ပစ်သတ်ဖမ်းဆီးခံထားရသူများထဲတွင် KIA၊ KPDF တပ်ဖွဲ့ဝင်များအပါအဝင် အရပ်သားပြည်သူတချို့လည်း ပါဝင်နေသည်ဟု ဖားကန့်မြို့ခံများက ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ မနက် ၁ နာရီဝန်းကျင်က ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက် (၂) ရှိ Lucky Men Hotel တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တပ်ဖွဲ့ဝင်များရှိနေချိန် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာက နှစ်ဖက်တပ်အကြား တင်းမာလာပြီး တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က Lucky Men Hotel ကို ဝင်ရောက်စီးနင်းခဲ့စဉ် အရပ်သားတချို့နှင့် KIA တပ်ဖွဲ့ဝင်တချို့ အပါအဝင် စုစုပေါင်း ၁၀ ဦး ကျော်ကို ဖမ်းဆီးခဲ့သည့်အပြင် ဟိုတယ်ထဲတွင်လည်း လူ ၇ ဦးကို သေနတ်နှင့် ပစ်သတ်ထားသည်ကိုသိရှိရကြောင်း ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“Lucky Men Hotel မှာ တချို့က ဖမ်းဆီးခံရသလို ပစ်သတ်ခံရတဲ့သူတွေလည်း ရှိပါတယ်။ အဲထဲမှာ အရပ်သားပြည်သူတွေလည်းပါသလို KIA၊ PDF လည်း ပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုလို့ မရသေးဘူး။ အဆက်သွယ်တွေလည်းခက် ပြီးရင် ဘယ်သူမှ သွားလို့မရဘူး။ လမ်းတွေလည်းပိတ်ထားတယ်” ဟု အဆိုပါဖားကန့်ဒေသခံက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က Lucky Men Hotel တွင် ဖမ်းဆီးထားသူ ၁၀ ဦးကို ကြိုးတုတ်ပြီး နေပူလှန်းခြင်း၊ ရိုက်နှက်နေသည့်အပြင် လမ်းပိတ်ထားသည့်နေရာ၌ သွားလာကြသည့် ပြည်သူများကိုလည်း သေနတ်နှင့်ပစ်သတ်တာကြောင့် အရပ်သားပြည်သူတချို့ လမ်းပေါ်သေဆုံးနေတာလည်းရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၂) ရှိ Lucky Men Hotel တဝိုက်တွင်ဖြစ်ပြီး နှစ်ဖက်စစ်တပ်က ဆိုင်းတောင်နှင့် ယူမာလမ်း အဝင်/အထွက်လမ်းများကို ပိတ်ဆို့ပြီး အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် ဆိုင်းတောင်နှင့် ယူမာ၊ မမုန်၊ ဖားပြင် စသည့် ကျေးရွာများက ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု နောက်ထပ် ဖားကန့်ဒေသခံ ပြည်သူတစ်ဦးက အခုလိုပြောသည်။

“စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာကတည်း လက်နက်သံတွေက နေ့တိုင်းလိုလို ကြားရတယ်။ ၅ ရက်လောက်ရှိလာပြီ ဆက်တိုက်ကြားရတာ။ မနေ့ညမှာလည်း ၁၀ နာရီနဲ့ ၁၁ နာရီလောက်ကနေ ပြန်ကြားနေရပြီ။ ဒီကနေ့မှာလည်း အဲဒီတိုက်ပွဲဖြစ်တဲ့ လက်နက်ကြီးကျလို့ Lucky Man Hotel အနောက်ဘက်မှာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်” ဟု ပြောသည်။

စက်တင်ဘာ ၉ ရက်နေ့ကစပြီး ဆိုင်းတောင်နှင့် ယူမာကျေးရွာရှိ ဒေသခံပြည်သူအားလုံးကို KIA နှင့် ပူးပေါင်းတပ်တို့က တိမ်းရှောင်ကြရန် ပြောဆိုထားသည်ဟု ဒေသခံပြည်သူများက ပြောသည်။

တဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့် ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်နေတာကြောင့် နေအိမ်တချို့ လက်နက်ကြီးကျပြီး မီလောင်ပျက်စီးမှု ရှိနေသည်ဟုဆိုသည်။

Lucky Men Hotel တွင် ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က စစ်ကောင်စီတပ်နှင့် KIA နှစ်ဖက်တပ်အကြား ညှိနှိုင်းဆောင်ရွက်မှုရှိနေပေမယ့် ညှိနှိုင်းမှုမရသေးဟုလည်း ဖားကန့်ဒေသခံများက ပြောသည်။

PCG အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးယွပ်ဇော်ခေါင်ကိုယ်တိုင် စက်တင်ဘာ ၉ ရက်နေ့တွင် သွားရောက်ညှိနှိုင်းရာ၌ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဦးယွပ်ဇော်ခေါင်၏ ပေါင်တဖက်တွင် လက်နက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံတို့က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က Lucky Men Hotel ထဲတွင် အရပ်သားတချို့နှင့် KIA တပ်ဖွဲ့ဝင်တချို့အပါအဝင် စုစုပေါင်း ၁၀ ဦးကျော်နှင့် ဟိုတယ်ဝန်ထမ်းများကိုပါ ဓားစားခံအဖြစ် ဖမ်းဆီးထားသည်ဟု ဖားကန့်ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here