ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားသည့် ဖားကန့်သွားလမ်းပေါ်ရှိ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းလာတာကြောင့် လဝါးကျေးရွာအနီးတဝိုက် တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေကြောင်း ဒေသခံတို့ထံက သိရသည်။
ဖားကန့်သွားလမ်းပေါ်က နန့်ယာ (Namya)၊ နန့်တိန် (Namting) ကျေးရွာများရှိ လမ်းတလျှောက်ကို KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလတွင် အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိတွင် ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်း ဖြစ်သည်။
ဝါရာဇွပ်ပြည်သူ့စစ်အပါအဝင် တပ်ရင်း ၃ ခုက စစ်ကောင်စီပူးပေါင်းတပ်တို့သည် မတ်လ ၂၃ ရက်နေ့ကစ၍ စစ်အင်အားအလုံးအရင်းနှင့် ကားမိုင်းမြို့အနီး မအူပင်နှင့် ခွန်ဆိုင်ယန်ကျေးရွာတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
မအူပင်ကျေးရွာရှိ KIA ဂိတ်စခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီးနောက် လက်ရှိတွင် ကားမိုင်းမြို့အနီး ဖားကန့်လမ်းတကြော၌ နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုဖြစ်နေသည်ဟု KIO ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ယခုလို ပြောဆိုသည်။
“၂၃ ရက်နေ့ဖြစ်မယ်၊ မအူပင်ကျေးရွာဘက်ကို ဝင်ရောက်လာပြီး KIA ဂိတ်စခန်းတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်။ ၂၄ ရက်နေ့မှာက KIA ဘက်ကနေ တဖန်ပြန်သွားရောက် တိုက်ခိုက်ခဲ့တယ်။ မအူပင်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ပြန်တိုက်ခိုက်ခံရလို့ အကုန်ပြန်ထွက်ပြေးသွားကြတယ်။ လဝါးကျေးရွာမှာက သီးသန့် တိုက်ပွဲဖြစ်တာတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။
ဝါရာဇွပ်ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့က တနိုင်းသွားလမ်းပေါ်ရှိ လဝါးကျေးရွာထဲတွင် တပ်စွဲထားတာကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု အဆိုပါ KIO ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောသည်။
ယခုလို ဖားကန့်သွားလမ်းကျေးရွာတချို့၌ တိုက်ပွဲတဖန်ပြန်လည်ဖြစ်ပွားနေခြင်းက KIA ထိန်းချုပ်ထားသည့် ဖားကန့်လမ်းတလျှောက်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု KIA စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောသည်။
“လက်ရှိ စစ်ရေးအခြေအနေအရ အမျိုးမျိုးတွေးတောလို့ ရပါတယ်။ ဗန်းမော်တိုက်ပွဲလည်း ဖြစ်နေတော့ စစ်ဗျူဟာ လှည့်လာတယ်လို့မြင်တယ်။ အဲ့ဒါကြောင့် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို ပြန်တိုက်ခိုက်လာတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက သုံးသပ်ပြောသည်။
တနိုင်းသွားလမ်း လဝါးကျေးရွာဘက်ကို နေရာယူထားသည့် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့က တိုက်ပွဲဖြစ်ပွားသည့် ရက်ပိုင်းအတွင်း အရပ်သားပြည်သူတို့ကို ဖမ်းဆီးတာ၊ ပြည်သူပိုင်အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။
လက်ရှိ၌ ဖားကန့်သွားလမ်းပေါ်က လဝါး၊ မအူပင်၊ ခွန်ဆိုင်ယန် စသည့် ကျေးရွာများတွင် စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေမှုနှင့်ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလိုပြောသည်။
“ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ လဝါးနဲ့ ဖားကန့်လမ်ဘက်မှာ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်နေကြတယ်။ ဝါရာဇွပ်၊ ရှဒူးဇွပ်တွေဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်။ အခုတိုက်ပွဲဖြစ်လာတဲ့ နေရာတွေကလည်း ကျောက်စိမ်းမှော်၊ ရွှေမှော်ဒေသတွေ ဖြစ်တယ်။ KIO ရဲ့ ဝင်ငွေရရှိနေတဲ့လမ်းတွေကို စစ်ရေးလှုပ်ရှားပြီးတော့ တိုက်ပွဲဖြစ်အောင်လုပ်နေတယ်လို့ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တဖက်တွင်လည်း နှစ်လကျော်ခန့်အကြာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းနေသည့်အတွက် တိုက်ပွဲမအောင်မြင်ရန် စစ်ဆင်ရေး လုပ်ဆောင်နေသည့်အပြင် KIA သိမ်းပိုက်ထားသောနေရာများကို ပြန်လည်ရယူရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဖားကန့်သွားလမ်းပေါ်တွင် စစ်ကောင်စီဘက်ကနေ မိုးကောင်း စကခ (၃)၊ ဒွမ်ဘန် ခလရ ၂၉၈၊ ခလရ ၂၉၇ နှင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့က ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်မှ မတ်လ ၂၂ ရက်နေ့ လဝါးကျေးရွာအနီးတဝိုက်ကို စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့တွင် KIA ဂိတ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
တပတ်ခန့်ကြာလာသည့်အထိ နှစ်ဖက်တပ်စစ်ရေးတင်းနေတာကြောင့် လဝါး၊ အပါ၊ ကားမိုင်းမြို့အနီးရှိ ကျေးရွာနေ ဒေသခံပြည်သူအားလုံးနီးပါးက နမ္မတီးမြို့နှင့် တခြားဘေးလွတ်နိုင်သည့် နေရာတို့ကို ထွက်ပြေးတိမ်းရှောင်နေကြသည်။
KNG ပေးပို့သည်။