ဖားကန့်ရှိ ဝှေခါစစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်နိုင်

0
317
ပုံစာ - KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ဖားကန့်၊ ဝှေခါတပ်စခန်းကုန်း။

ကချင်ပြည်၊ ဖားကန့်ရှိ ဝှေခါစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ၂ ပတ်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIA နဲ့ နီးစပ်သည့် သတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။

“သိမ်းလိုက်နိုင်ပြီ။ သိမ်းနိုင်လို့လဲ တပ်စခန်းမှာရှိတဲ့ တဲတွေကို မီးရှို့ဖျက်ဆီးနေတယ်။ ၇ နာရီနဲ့ ၈ နာရီ ကြားလောက်မှာဖြစ်မယ်။ အခုက တပ်ထဲမှာရှိတဲ့သူတွေက ထွက်ပြေးတဲ့သူတွေ ထွက်ပြေး၊ ဖမ်းဆီးနိုင်တဲ့သူတွေ ဖမ်းဆီး လုပ်နေကြတယ်။ ပစ်ခတ်တာတွေက ရှိနေတုန်းပဲÓ လို့ KIA နဲ့ နီးစပ်သည့် ဖားကန့်ဒေသခံအမျိုးသား တစ်ယောက်က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့အင်အား ၆၀ နှင့် ၇၀ ဝန်းကျင်ရှိသည့် ဝှေခါတပ်စခန်းကို KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ဇန်နဝါရီလဆန်းပိုင် ၆ ရက်နေ့ ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်နေ့တွင် တပ်စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးတစ်ယောက်နှင့် တပ်သားတချို့ ထွက်ပြေးလွတ်မြောက် နေတာကြောင့် လက်ရှိအချိန်အထိ တပ်စခန်းထဲ ပစ်ခတ်မှုများ ဆက်ရှိနေပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်း ကနေလည်း လက်နက်ကြီးတွေ ဆက်လက်ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ အဆိုပါဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ ဝှေခါ စစ်ကောင်စီတပ်စခန်းကို KIA က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်က အပြီးသတ်မသိမ်းနိုင်ဘဲ ရဲစခန်းတစ်ခုကိုသာ သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီး စစ်ရေးတင်းမာမှု ဖြစ်ပွားနေသည့် နှစ်ပတ်အတွင်း တိုက်ပွဲ ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို ၎င်းက ဆိုသည်။

စစ်ကောင်စီဘက်က ဝှေခါတပ်စခန်းအား လက်မလွတ်နိုင်အောင် လေကြောင်းနှင့် နေ့တိုင်းလိုလို လာရောက် ဗုံးကြဲတိုက်ခဲ့ရာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ တစ်နေ့ထဲမှာပင် ဗုံးကျဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

အခုလို KIA ဘက်ကနေ ဖားကန့်ဒေသတွင် စစ်ကောင်စီအတွက် အရေးပါသည့် ဝှေခါတပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တာကြောင့် တိုက်ပွဲအရှိန် ပိုပြင်းထန်လာနိုင်တယ်လို့ ဖားကန့်ဒေသခံတစ်ယောက် အခုလို သုံးသပ်ပြောဆိုသည်။

“တိုက်ပွဲအရှိန် ပိုပြင်းလာမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုသိမ်းလိုက်တဲ့ တပ်စခန်းကလေ စစ်တပ်ရဲ့ရှေ့တန်းမှာ လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုလိုလည်း ဖြစ်နေတယ်။ ဒီစခန်းတွေကို ပြန်ရဖို့ အတွက်က သူတို့ပြန်ကြိုးစားလာလိမ့်မယ်” လို့ ၎င်းက ပြောပါသည်။

ဝှေခါစစ်ကောင်စီတပ်စခန်းသည် ဖားကန့်နှင့် အင်းတော်ဒေသကို အဓိက ချိတ်ဆက်ထားသည့် လမ်းကြောင်း တစ်ခုဖြစ်နေပြီး စစ်ကောင်စီတပ်၏ အရေးပါသည့်တပ်စခန်းလည်းဖြစ်တယ်လို့ ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး ထိုစခန်းအတွင်း KIA ဘက်နေ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင် နေသေးတာကြောင့် ဖမ်းဆီးရမိမှုနှင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေဆဲဖြစ်သည်။

ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလဆန်းပိုင်းကစပြီး KIA ဘက်နေ စခန်းသိမ်းတိုက်ပွဲအဖြစ် ဝှေခါတပ်စခန်းအပြင် ဖားကန့်လမ်းပိုင်းရှိ နမ်တိန့်တပ်စခန်းကိုလည်း တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here