ကချင်ပြည်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်တိန်တပ်စခန်းနှင့် ဝှေခါတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့၊ ဆိုင်းတောင်အုပ်စု ဝှေခါတပ်စခန်းကို ဇန်နဝါရီ ၆ ရက် မနက် ၅ နာရီလောက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မနက် ၉ နာရီလောက်တွင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်-KPDF တာဝန်ရှိသူတစ်ယောက်က ပြောဆိုသည်။
“အားလုံးကို သိမ်းပိုက်လိုက်နိုင်ပြီ။ ဒီမနက် ၅ နာရီလောက်ကနေ တိုက်ပွဲဖော်ဆောင်တာပေါ့လေ။ တိုက်ပွဲ ကြာချိန်က ၃ နာရီလောက် ကြာပါတယ်။ ဝှေခါစစ်တပ်ကုန်းနဲ့ ရဲစခန်း ၂ နေရာကိုတော့ ကျနော်တို့ဘက်က သိမ်းဆည်း ရထားပါတယ်။ ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ပြောဖို့တော့ ခက်နေသေးတယ်” လို့ အဆိုပါတာဝန်ရှိသူက ပြောသည်။
ဝှေခါစစ်ကောင်စီတပ်ကုန်းကို KIA နဲ့ KPDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်တပ်ကုန်းနဲ့ ရဲစခန်းကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးတော့ ရဲစခန်းမှူးတစ်ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်။
“ရဲစခန်းမှူးကိုတော့ အရှင်ဖမ်းဆီးရထားတယ်။ နောက် တပ်ဘက်ကလည်း ထွက်ပြေးသွားတဲ့ ရှိနေတာ ဖြစ်တဲ့အတွက် လိုက်ဖမ်းဆီးနေတာ ရှိသေးတယ်။ အခုမှ သေဆုံးမှုနဲ့ ဖမ်းဆီးမှုကို စားရင်းပြုစုနေသေးတာ ဖြစ်တဲ့အတွက် အသေးစိတ်ပြောဖို့က ခက်နေသေးတယ်” ၎င်းက ပြောသည်။
ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်း ၂ ခုသည် လမ်းတစ်ဖက်ကမ်း အတူကပ်ရက်ရှိနေတာကြောင့် စခန်း ၂ ခု စလုံးကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း အဆိုပါတာဝန်ရှိသူ၏ ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတိုက်ခိုက်ခံရချိန် မနက်ပိုင်း ၇ နာရီနှင့် ၈ နာရီကြားတွင် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် ၃ စီးနှင့် ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဖားကန့်မြို့ ဗျူဟာကုန်း ကနေလည်း လက်နက်ကြီးနှင့် အကြိမ် ၂၀ လောက်နီးပါး တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုသည်။
တဆက်တည်းမှာပဲ ဖားကန့်သွားလမ်းမပေါ်မှာရှိသည့် နမ့်တိန်စစ်ကောင်စီတပ်စခန်းကို KIA တပ်က ယင်းနေ့ မနက် ၆ နာရီလောက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်များထံမှ သိရသည်။
နမ်တိန်စစ်တပ်စခန်းကို KIA ဘက်က ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာကြောင့် လက်ရှိ၌ နမ်တိန့်ကျေးရွာ အတွင်းအထိ KIA က ဝင်ရောက်နေထိုင်လိုက်ပြီ ဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်များက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA သည် ယခုနှစ်ဆန်းပိုင်းက စပြီး ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းနေရာများကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း သိရပြီး ယခုလိုစတင်လိုက်ခြင်း ဖြစ်နိုင်ကြောင်းနှင့် ဖားကန့်ဒေသခံပြည်သူများကိုလည်း သတိထားနေထိုင်ကြဖို့ ပြောဆိုထားတယ်လို့ ဖားကန့် ဆိုင်းဖရာဒေသခံတစ်ယောက်က အခုလိုပြောသည်။
“တပ်စခန်းတွေကို သူတို့လုပ်ငန်းဝင်ဖို့ စီစဉ်ထားပြီး ပြောဆိုထားတာ ရှိပါတယ်။ အဲ့ဒါ ဒီမနက်က စလိုက်တယ်လို့ ထင်ပါတယ်။ ပြောဆိုထားတယ်ဆိုပေမယ့် ပေါ်ပေါ်ထင်ထင်ပြောဆိုတာမျိုးတော့ မဟုတ်ဘူး။ သူတို့ရဲ့ပုံစံက ဖားကန့်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အကုန်ဝင်သိမ်းဖို့ လုပ်နေတဲ့သဘောပါပဲ” လို့ ၎င်း ပြောသည်။
အခုလို နမ့်တိန်နဲ့ ဝှေခါကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဖားကန့်ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ဖားကန့်သွားလမ်းမပေါ်ရှိ ခွန်ဆိုင်ဇွပ်၊ ဆိုင်းဖရာ၊ ဂတ်နွယ်၊ တံတားညီနောင် စသည့် ကျေးရွာနေ ပြည်သူများလည်း ထပ်မံတိမ်းရှောင်ရမှာကို စိုးရိမ်နေကြတယ်လို့ ပြောဆိုကြသည်။
KNG ပေးပို့သည်။