ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဆိုင်းတောင်ရဲကင်း မီးလောင်ပြာကျ

0
406

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီရဲကင်းစခန်း မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်းတောင်ကျေးရွာရပ်ကွက် ၄ ရှိ စစ်ကောင်စီတပ်၏ ရဲကင်းစခန်းသည် မေလ ၁၂ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မိုင်းကွဲသံများထွက်ပေါ်လာပြီးနောက် ရဲကင်းစခန်း မီးလောင်ပြာကျသွားကြောင်း ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“မနက် ၉ နာရီလောက်ပေါ့ ရဲစခန်းမှာ အုန်း..အုန်း ဆိုပြီးတော့ မိုင်းကွဲသံတွေ ထွက်လာတာ။ ရဲကင်းစခန်းကတော့ မီးလောင်သွားတယ်” ဟု ပြောသည်။

အဆိုပါရဲကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မေ ၁၁ ရက်နေ့ ည‌နေ ၆ နာရီဝန်းကျင် အဆိုပါ ရဲကင်းစခန်းပြောင်းမှရွေ့သွားကြပြီဖြစ်ရာ စခန်း၏ အခန်းတံခါးများကိုပါ သော့ခတ်ထားခဲ့ကြ‌ကြောင်းသည်။

“တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး ဒီဘက်ကသွားပစ်တာတော့ မဟုတ်ဖို့များတယ်။ သူတို့က မနေ့ညနေ ကတည်းကနေ အဲ့စခန်းကနေပြောင်းရွေ့သွားကြတာ။ အဲ့တော့ သူတို့ဟာသူတို့ ချိန်ကိုက်ဗုံးတွေနဲ့ထောင်ထားပြီး ဖောက်ခွဲခဲ့တာ၊ မီးရှို့ခဲ့တာဖြစ်ဖို့များတယ်” ဟု ဖားကန့် KIA၊ PDF နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ယင်းရဲကင်းစခန်းမီးလောင်သွားသည့် ကိစ္စနဲ့ပတ်သက်ပြီး ရွေ့ပြောင်းသွားသည့် စစ်ကောင်စီတပ်က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သတင်းများထွက်နေသည့်အပြင် KIA၊ PDF ကသွားရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ထို့ကြောင့် ဆိုင်တောင်းနယ်မြေတာဝန်ခံ PDF တာဝန်ရှိသူတစ်ဦးအား KNG သတင်းဌာနမှမေးမြန်းရာ ၎င်းတို့သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

အဆိုပါ ရဲကင်းစခန်းသည် စစ်အာဏာမသိမ်းမှီ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင် အထိုင်ချထားသည့် ရဲကင်းဖြစ်ပြီး သိရသည်။

ယနေ့ မီးလောင်သွားသည့် ဆိုင်းတောင်ရဲကင်းစခန်းသည် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း KIA၊ PDF တိုက်ခိုက်ခံရမှုကြောင့် တစ်ကြိမ် မီးလောင်ခဲ့ဖူးကြောင်း သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here