ဖာပွန်၊ ခေါပုတ်စခန်းမှ စစ်သုံ့ပန်း ၁၇ ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNU တပ်မဟာ (၅) ပြောဆို

0
129
Photo - BPLA

ကရင်အမျိုးသားအစည်းအရုံး- KNU ၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်ရှိ ခေါပုတ်စခန်းကို စွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၁၇ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က ဆေးကုသမှုအပြင် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း တပ်မဟာ (၅) ပြောခွင့်ရ စောကလယ်ဒို့က ပြောဆိုသည်။

နိုဝင်ဘာ ၃ ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ (၃) ရပ်ကွက်အနီးရှိ ခေါပုတ်စခန်းမှ ဖာပွန်ဗျူဟာသို့ ဆုတ်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဒု-ရင်းမှူးအပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ၁၇ ဦးကို KNLA ပူးပေါင်းတပ်က အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၅) ထံမှ သိရသည်။

စစ်သုံ့ပန်း ၁၇ ဦးအနက် ဒု-ရင်းမှူး (၁) ဦးအပါအဝင် ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆေးကုသမှုပေး၍ စားနပ်ရိက္ခာ ကောင်းမွန်စွာ ထောက်ပံ့၍ ထိန်းသိမ်းထားသည်ဟု စောကလယ်ဒို့က ဆိုသည်။

“ခေါပုတ်နဲ့ ဗျူဟာက တော်တော်လေး လှမ်းတယ်။ အဲဒီကိုရောက်ဖို့ တောနက်နက်ထဲကိုလည်း ဖြတ်ရတယ်။ နေရာအနှံ့မှာ တော်လှန်ရေးအဖွဲ့တွေ ဖြန့်ကျက်ထားတာ၊ အဲဒါကို သူတို့ကြိုးစားပြီး သွားနေတုန်းမှာပဲ ရပ်ကွက် (၃) နားမှာ ထိတွေ့တိုက်ပွဲ ဖြစ်တော့ အရှင်ဖမ်းမိတဲ့အထဲက ဒဏ်ရာရတဲ့ သူတွေကို တော်လှန်ရေးပူးပေါင်းတပ်က ဆေးတွေဘာတွေ ပြန်ကုပေးတာပေါ့နော်။ အကုန်လုံးကို လည်း စားနပ်ရိက္ခာတွေပေးပြီး ကောင်းကောင်းမွန်မွန်ထားတယ်” ဟု ၎င်းက ပြောဆိုသည်။

KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ၊ Force for Federal Democracy နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်-BPLA တို့ ပူးပေါင်းပါဝင်သည့် အဆိုပါတိုက်ပွဲအတွင်း BPLA တပ်ဖွဲ့ဝင် (၁) ဦး သေဆုံး၍ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း စစ်ကောင်စီ ဘက်က ဗိုလ်ကြီး (၃) ဦး ပါဝင်သော စစ်သုံ့ပန်း (၁၇) ဦးအပြင် လက်နက်များလည်း သိမ်းဆည်းရမိ ခဲ့ကြောင်း BPLA က သတင်းထုတ်ပြန်ထားသည်။

တပ်ရင်း (၃) ခု ပူးပေါင်းထားသော စစ်ကောင်စီ၏ အင်အားကြီးခေါပုတ်စခန်းတွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူး (၃) ဦးတို့ရှိပြီး ၎င်းတို့အား KNLA ပူးပေါင်းတပ်က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်သိမ်းပိုက်စဥ် အင်အား (၁၀၀) ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းမှ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး ဖာပွန်ဗျူဟာသို့ သွားရောက်ပူးပေါင်းနိုင်ရန် ကြိုးပမ်းနေသည့်အတွက် KNLA ပူးပေါင်းတပ်က လက်ရှိအချိန်ထိ လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here