26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဖာပွန်၊ ကမမောင်းနှင့် အနီးတဝိုက်တွင် ဇွန်လအတွင်း တောတိုးရင်း မိုင်းထိမိသူ ၃ ဦးထိရှိလာ

ဖာပွန်၊ ကမမောင်းနှင့် အနီးတဝိုက်တွင် ဇွန်လအတွင်း တောတိုးရင်း မိုင်းထိမိသူ ၃ ဦးထိရှိလာ

KNU – ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် ကမမောင်းမြို့နှင့်အနီးရှိ ဝဲပျံနှင့် ဖားဘောင်ရွာတို့တွင် ယခုဇွန်လအတွင်း တောတိုးရင်းဖြင့် မိုင်းထိမိပြီး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူ ဒေသခံ (၃) ဦးအထိရှိလာကြောင်း ၎င်းတို့ကိုအကူအညီပေးခဲ့သည့် ကမမောင်းလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က တောတွင်း ရာသီပေါ်သီးနှံများ လိုက်လံရှာဖွေသည့် ဖားဘောင်ရွာမှ အမျိုးသမီးတစ်ဦး တိုက်မိုင်းကြောင့် လက်နှင့်ပေါင် ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ ဇွန်လ ၁၇ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင်လည်း ဝဲပျံရွာနှင့် ကမမောင်းမြို့ အမှတ် (၄) ရပ်ကွက်နေ အမျိုးသား ၂ ဦးတို့ အလားတူဖြစ်စဥ်ကြောင့် ခြေထောက်ပြတ်ထွက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက “အဲဒီသုံးယောက်လုံးက တောထဲမှာမျှစ်ရှာ ကောက်ကောက်ညွှန့်ချိုး၊ အင်ဥကောက်တဲ့အဖွဲ့တွေပဲလေ။ သူတို့စားဝတ်နေရေးအတွက် ဈေးထဲမှာရောင်းဖို့ တောထဲဝင်ရင်းဖြစ်တာ။ မိန်းကလေးတစ်ယောက်ကတော့ လက်ဖြတ်ရတယ်၊ ပေါင်ထိတာတော့ ဘယ်လိုအစားထိုးမလဲမသိဘူး။ တိုက်မိုင်းဆိုတော့ လက်ရောပေါင်ရော ကြေကုန်တာ။ ယောင်္ကျားလေးနှစ်ယောက်ကတော့ နင်းမိုင်း။ နှစ်ယောက်လုံးပြတ်တယ်” ဟု ပြောသည်။

ဒဏ်ရာရရှိသူ (၃) ဦးလုံးအား ဖားအံမြို့ပေါ်ရှိ ဆေးရုံကြီးသို့ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှု ခံယူစေခဲ့သည် ဟုလည်း သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပြောဆိုသည်။

ကမမောင်းမြို့နှင့် အနီးတဝိုက်နေရာများသည် KNU နယ်မြေအတွင်းဖြစ်သော်လည်း နယ်ခြားစောင့်တပ် – BGF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာရာနယ်မြေလည်းဖြစ်သောကြောင့် မည်သည့်တပ်ဖွဲ့ကထောင်ထားသည့် မိုင်းဖြစ်ကြောင်း အတည်မပြုနိင်ပေ။

တပ်မဟာ (၅) KNU ဘက်ကမူ ဖာပွန်-ကမမောင်း လမ်းပိုင်းတလျှောက် မိုင်းများရှိသဖြင့် အရပ်သားသွားလာခွင့် ကန့်သတ်ထားပြီး KNLA ဘက်က မိုင်းရှိသည့်နေရာများကိုလည်း ဒေသခံများထံ အသိပေးတားမြစ်မှု ပြုလုပ်လေ့ရှိသည်ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြောဆိုထားသည်။

ကမမောင်းမြို့နှင့် အနီးတဝိုက်ရွာများ၌ ယခုလို မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလာ၍ အသွားအလာ သတိထားဆင်ခြင်နေရကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလပိုင်းကလည်း ကမမောင်းမြို့လယ်ခေါင် လူအများ အပန်းဖြေရာနေရာတွင် ဆယ်ကျော်သက် အရွယ်မိန်းကလေးငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။

KIC ပေးပို့သည်။