ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်တွင် ယခုနှစ် မေလအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပေါင်း ၂၀၀ တိတိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁၂၂ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်က ဇွန်လ ၂ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ပွဲများတွင် သေဆုံးခဲ့သည့် စစ်ကောင်စီနှင့် BGF ၁၀၀ ကျော်အနက် တပ်ခွဲမှူး ၁ ဦး၊ ဒု-ခွဲမှူး ၂ ဦး၊ တပ်ကြပ် ၄ ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦး ရှိကြောင်းနှင့် ကေအဲန်ယူတပ်မဟာ (၅) ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ၏ ရိက္ခာနှင့်လက်နက် ပို့ဆောင်ထောက်ပံ့ရေးယာဉ် ၆ စီးကို ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း မူတြော်သတင်းစဉ်တွင် ဆက်ဖော်ပြထားသည်။
ထိုသို့ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ လက်နက်နှင့် ရိက္ခာထောက်ပံ့ရေးလုပ်ငန်းစဉ်များကို မကြာခဏ ကြားဖြတ် ဝင်ရောက်နှောင့်ယှက်မှုများ လုပ်ဆောင်သောကြောင့် စစ်ကောင်စီဘက်မှ မြေပြင်လမ်းကြောင်းအသုံးပြု၍ လက်နက်၊ ရိက္ခာထောက်ပံ့ခြင်းအစား လေကြောင်းဖြင့် ပြောင်းလဲအသုံးပြုလျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က စစ်ကောင်စီသည် ကုန်းကြောင်း အသုံးပြု၍ ရိက္ခာဖြည့်တင်းရာတွင် အခက်အခဲရှိသဖြင့် ရဟတ်ယာဉ်များ အသုံးပြုလာသည်ဟု ဒေသတွင်းမီဒီယာတချို့ကို ဖြေကြားပြောဆိုထားသည်။
ယခုမေလအတွင်း BGF များက အရပ်သားပြည်သူများ နေထိုင်ရာနေရာသို့ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေပေါင်း ၅၀ ကျော် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်ထိခိုက် ပျက်စီးခြင်းများလည်းရှိကြောင်း တပ်မဟာ (၅) ၏ လချုပ်စာရင်းကို အခြေပြု၍ မူတြော်သတင်းစဉ်တွင် ဆက်လက်ရေးသား ထုတ်ပြန်ထားသည်။
အလားတူ စစ်ကောင်စီသည် ဖာပွန်ခရိုင်အတွင်းရှိ အရပ်သားပြည်သူများထံမှ မိုဘိုင်းဖုန်းနှင့် အရပ်သုံး စကားပြောစက်များ အပါအဝင် ထိုင်းဘတ်ငွေ ၂ သိန်း ၈ သောင်း၊ မြန်မာကျပ်ငွေ ၁ သိန်းတို့ကိုလည်း လုယူသိမ်းဆည်းသွားခဲ့သည်ဟု မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်သည် ကေအဲန်ယူတပ်ဖွဲ့၊ တပ်မဟာ (၇) ခု ရှိသည့် အနက် စစ်ကောင်စီနှင့် တိုက်ပွဲအများအပြားဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု အများဆုံး ခံနေရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ဖာပွန်ခရိုင်တွင် စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း အကြိမ်ရေ ၂၅၀ ကျော် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၉၀ ဦး သေဆုံးပြီး ၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်နှင့် လက်နက်ကြီး အလုံး ၄၀ နီးပါးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ (၅) ၏ မေလ ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကေအိုင်စီ – ပေးပို့သည်