ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရအချက်အချာကျသည့် ဖလမ်းမြို့၏ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဧပြီလ ၇ နေ့က အပြီးသတ်သိမ်းလိုက်ပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီ၏ ခလရ – ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလ ၇ ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးများ ဆက်တိုက်ဆောင်ရွက်နေကြောင်း CNDF နှင့် ရှေ့တန်းစစ်မြေပြင်က သတင်းရင်းမြစ်များက ပြောဆိုသည်။
“ခလရ ၂၆၈ တပ်ကုန်းကို သိမ်းပါပြီ၊ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်။ အဲဒီဟာတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိနေသေးသော ခလရ – ၂၆၈ တပ်ရင်းကို ဝိုင်းဝန်းပိတ်ဆို့၊ ဖြတ်တောက်ထားကာ ထိုးစစ်ကာလ ၅ လခန့် ရှိလာချိန်တွင် အပြီးသတ် သိမ်းနိုင်ခြင်းဖြစ်သည်။
ဖလမ်းမြို့သိမ်းနိုင်ရေးသည် ချင်းပြည်မြောက်ပိုင်းတွင် ချင်းတော်လှန်ရေးအဖွဲ့များက ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့တို့၏ မြို့သိမ်းတိုက်ပွဲများအတွက် အချက်အချာကျနေပြီး စစ်ကောင်စီအတွက်လည်း ချင်းပြည်မြောက်ပိုင်းကို ဆက်ထိန်းချုပ်နိုင်ရေးတွင် ဖလမ်းက အရေးပါနေသည်ဟု ချင်းအင်အားစုများက ပြောသည်။
မတ်လ ၁၁ ရက်မှစတင်၍ စစ်ကောင်စီက ဖလမ်းမြို့ကို လက်မလွတ်ရရေးအတွက် နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y8၊ Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးကြဲမှုများ ပြင်းပြင်း ထန်ထန်ပြုလုပ်ခြင်း၊ စစ်အင်အားများ ရာချီဖြည့်တင်းနေခြင်းကြောင့် မြို့သိမ်းတိုက်ပွဲမှာ အချိန်ကြာမြင့်ပြီး စိန်ခေါ်မှုအခက်အခဲအများအပြား ရှိခဲ့သည်။
ဖလမ်းမြို့သိမ်းပိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ချင်းညီနောင်အဖွဲ့ဘက်က လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
KMG ပေးပို့သည်။