ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ ရောက်ရှိနေကြတဲ့ စစ်ရှောင်တွေဆီကို ရိက္ခာများ ပေးပို့နိုင်ဖို့က ရက်ပေါင်းနှစ်ဆယ် ကြာမြင့်ပြီးမှသာ ရောက်ရှိပေးပို့နိုင်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့အဖွဲ့တခုဖြစ်တဲ့ Dove KK အဖွဲ့မှ စီမံခန့်ခွဲသူတွေက ပြောသည်။
ဖရူဆိုအနောက်ဘက်ခြမ်းကို ရိက္ခာပေးပို့ရတဲ့ အခြေအနေတွေက လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် စစ်ကြောင်းတွေကို ရှောင်တိမ်းနေရတာကြောင့်ဖြစ်တယ်လို့ Dove KK အဖွဲ့မှ စီမံခန့်ခွဲသူ ကေတူးက ပြောပါသည်။
“အဓိကအကြောင်းက လမ်းခရီးမှာ စစ်ကြောင်းရှိနေလို့နဲ့ နောက်တလမ်းက ကားသွားလို့ မရလို့ဗျ။ ဆိုင်ကယ်တွေတောင် မနည်းသွားလာရတယ်။ ဒါတောင် ကျနော်တို့ အရောက်မပို့ခဲ့ပါဘူးဗျ။ ရွာသားတွေကနေ တဝက်လမ်းလျှောက် ဆင်းလာပြီး ပလိုင်းတွေနဲ့ လာသယ်သူကသယ် ဆိုင်ကယ်နဲ့သယ်သူကသယ်ဗျ၊ လမ်းခရီးက စစ်ကြောင်းနဲ့ ပိတ်နေလို့ဗျ။ အဲ့ဒါ ရက်နှစ်ဆယ်တောင်မှ ကြာသွားတယ် ရိက္ခာပို့တာ၊ အဲ့ဖက်ခြမ်းက ရိက္ခာတွေ လမ်းကြောင်းပြတ်နေလို့ အရေးပေါ်အကူညီတောင်းလာလို့ပါဗျ” လို့ ၎င်းက ပြောပါသည်။
ဖရူဆိုမြို့နယ်မှ စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ထပ်ဆင့် တိမ်းရှောင်ကြရပြီး၊ စားနပ်ရိက္ခာတွေ ပြတ်လပ်တာတွေနဲ့ ကြုံနေရတယ်လို့လည်း စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောဆိုပါသည်။
၎င်းတို့မှာ တောတောင်ထဲတွင် စစ်ရှောင်နေကြရပြီး မူလနေရပ်မှ ရိက္ခာတွေကို အသက်နဲ့ရင်းပြီး ပြန်သယ်ကြရတယ်လို့ ဖရူဆိုအနောက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီလို ထပ်ဆင့်စစ်ရှောင်ရတဲ့အခါမျိုးမှာ သူတို့ဘာမှ စားစရာမရှိတဲ့အခါမျိုးမှာ သူတို့က အသက်နဲ့ရင်းပြီးတော့ တချို့ နည်းနည်းရဲတဲ့ အဖွဲ့တွေဆို သူတို့ကခိုးပြန်ပြီး ရိက္ခာတွေ ပြန်သယ်ရတယ် အဲ့လိုမျိုးပေါ့နော်၊ အဲ့တာ သုံးလေးရက် တပတ်စောင့်မှပဲ သူတို့လည်း သယ်နိုင်တယ်။ ဘာလို့လဲဆိုလို့ရှိရင် သူတို့မှာလည်း လမ်းမပေါက်ဘူး၊ ခြေလျင်နဲ့ သွားရတယ်။ လူနဲ့ ထမ်းရတဲ့ အခါမျိုးတွေမှာ သူတို့က မိသားစု တစုစာအတွက်လောက်ပဲ သုံးလေးရက် ဖူလုံအောင်ပဲ သူတို့အရင်စားနေရတယ်ပေါ့နော်” လို့ ယင်းဒေသခံအမျိုးသမီးတဦးက ပြောသည်။
ဒီလိုခက်ခဲနေသည့် အခြေအနေတွေကြောင့် စစ်ရှောင်ကူညီနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ ခက်ခဲကြန့်ကြာတာတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူများက ဆိုသည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက စစ်ရှောင်တွေရဲ့ ရေရှည် စားဝတ်နေရေးအတွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်မဲ့ နည်းလမ်းတွေကို လုပ်ဆောင်ဖို့လိုနေပြီလို့ ပြောပါသည်။
“စစ်ရှောင်တွေဖြစ်စေ ရွာခံတွေဖြစ်စေ ကိုယ်လုပ်နိုင်သလောက် လုပ်ဖို့လည်း အားလည်းပေးတာပေါ့နော်။ နောက်ပြီးတော့ စောနကပြောသလို နိုင်သလောက် အဖွဲ့အစည်းတွေကလည်း စိုက်ပျိုးနိုင်အောင် ကူညီ ပေးတာတွေ ရှိတာပေါ့။ ဒါမယ့် ဘာဖြစ်ဖြစ် ကျနော်တို့ကတော့ ရှိတဲ့ရိက္ခာတွေ ပြန်သယ်ရမှာပဲ။ သေချာတာ တခုကတော့ အန္တရာယ်အရမ်းရှိရင်တော့ ဘယ်သူမှမပြန်ဘူးလေနော်။ ပြန်နိုင်တဲ့အချိန်မှာ ပြန်ကြတယ်” လို့ ဦးဗညားက ဆိုသည်။
လက်ရှိ ဖရူဆိုမြို့နယ်အတွင်း၌ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။
ဖရူဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်လကစပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေ တိုးလာပြီး လက်ရှိမှာလည်း စစ်ရှောင်ဦးရေ တသောင်းဝန်းကျင် ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးသူများထံမှ သိရသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။