ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ရေပူကျေးရွာအတွင်းကို စစ်ကောင်စီတပ်နဲ့ PNO ပအို့ဝ် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က အင်အားတစ်ထောင်ဝန်းကျင်နှင့် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒေသတော်လှန်ရေးဘက်က နယ်မြေလေးခုခန့် ဆုတ်ပေးလိုက်ရသည်ဟု ဆိုသည်။
အဆိုပါစစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ကစ၍ ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းစစ်ကြောင်းမှာ တောင်ပို့ကွဲကျေးရွာလမ်းခွဲတွင် နေရာယူထားဆဲဖြစ်သည်ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ ပြောဆိုမှုအရ သိရသည်။
ဒေသတော်လှန်ရေးတပ်ဖွဲ့တခု၏ တာဝန်ရှိသူတစ်ဦးက “ထပ်ပြီးတော့ ကျနော်တို့ တော်လှန်ရေးတပ်တွေကတော့ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ တောင်ပို့ကွဲ စတဲ့ (၄) နေရာကို ပေးလိုက်ရတယ်” ဟု ပြောဆိုသည်။
လတ်တလောတွင် စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ်ဖွဲ့တို့သည် ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ဆုတ်ခွာပေးလိုက်ရသည့် နေရာတို့တွင်ရှိနေပြီး ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် လက်ရှိ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း အချိန်မရွေး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် ဖယ်ခုံအရှေ့ဘက်ကမ်းက ရေပူဘက်တွင် စစ်ကြောင်းတစ်ကြောင်း၊ မိုးဗြဲတွင် စစ်ကြောင်းတစ်ကြောင်း၊ ကုန်းသာဘက်၌ စစ်ကြောင်းတစ်ကြောင်းနှင့် စစ်ကြောင်းထိုးနေသည်ဟု ဆိုသည်။
ထိုအခြေအနေကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာများ ကြားညှပ်သည့်အနေအထားရှိတာကြောင့် ကျန်ရှိနေကြသည့် ပြည်သူများအနေနှင့် အထူးသတိထားနေထိုင်ကြရန် လိုအပ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၃၄) ၏ တာဝန်ရှိသူတစ်ဦးက ယခုလို အသိပေးပြောဆိုသည်။
“ဖယ်ခုံအရှေ့ဘက်ကမ်းမှာရှိတဲ့ ကျန်ရှိနေသေးတဲ့ရွာတွေ ဒေသခံတွေ ဂရုစိုက်ကြဖို့လိုတယ်။ ဘာလို့လဲဆိုရင် ဒီရေပူဘက်ကလည်း တစ်ကြောင်း၊ ကုန်းသာဘက်ကလည်း တစ်ကြောင်း၊ မိုးဗြဲဘက်ကလည်း တစ်ကြောင်းနဲ့ ဒီသုံးနေရာက ကျနော်တို့ ဒီဖယ်ခုံအရှေ့ဘက်ကမ်းက ကြားညှပ်သလိုဖြစ်နေတာကြောင့် ကျန်နေတဲ့ပြည်သူတွေ ဂရုတစိုက်နေကြဖို့ပါ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်နှင့် PNO (ပအို့ဝ်ပြည်သူ့စစ်) ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှ ကျေးရွာပေါင်း ၁၅ ရွာဝန်းကျင်မှ ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ဆောင်နန်းခဲ ၊ လွယ်ပေါ ၊ နန်းပေါ်လုံ၊ နမ်းစုမ့်၊ ပိန္နဲကုန်း၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန် (ရှေ့)၊ ဟိုပန် (နောက်)၊ လဟယ်၊ မခေခမ်း၊ တောင်ပို့ကြီး စသည့် ကျေးရွာ ၁၅ ရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
“ကျနော်တို့ ဖယ်ခုံအရှေ့ဘက်ကမ်းကတော့ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းစွတ်နဲ့ ပိန္နဲကုန်းအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာ ၁၅ ရွာ ဝန်းကျင်လောက်က ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ဒီထဲမှာ အခြေခံလိုအပ်ချက်တွေ အများကြီးရှိနေတယ်” ဟု ဖယ်ခုံအရှေ့ဘက်ကမ်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးဖြစ်သည့် ကိုအင်ဒရူးက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်များမှာ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း ၊ အမိုးအကာ စသည့် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေကြရသည်ဟုလည်း ကိုအင်ဒရူးက ယခုလို ဆက်ပြောသည်။
“အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့နော်။ စားနပ်ရိက္ခာအခက်အခဲတွေ၊ ဆေးဝါးအခက်အခဲတွေ ပြီးတော့ နေဖို့ထိုင်ဖို့ တဲတွေ ၊ မိုးကာတွေ အများကြီး အခက်အခဲရှိကြတယ်ပေါ့။ တချို့က အနောက်ဘက်ကမ်း တွေမှာ ရှောင်ပြေးနေကြတာ အများကြီးရှိကြသလို တချို့ကြတော့လည်း နီးစပ်ရာ တဲတွေ၊ ရွာတွေမှာ ရှောင်ပြေး နေကြတာလည်း အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံ အရှေ့ဘက်ကမ်း နန်းပေါ်လုံကျေးရွာရှိ အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့ရသည်။
ယင်းအပြင် ဇွန်လ ၇ ရက်နေ့က မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းကနေ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
အလားတူ ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ဘက်က လျော့တိုက်ဒရုန်းများနှင့် ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ကိုအင်ဒရူးက ပြောဆိုသည်။
“ပြီးခဲ့တဲ့ (၁၀) ရက်နေ့တုန်းက ရှော့တိုက်ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာတွေရှိနေပြီးတော့ လူနေအိမ်တွေပေါ်ကျတော့ ပျက်စီးသွားခဲ့တယ်။ စစ်ရှောင်တွေရော နယ်ခံတွေရော ရာနဲ့ချီရှိနေတဲ့ နေရာကိုမှ ည (၁၁) နာရီ ဝန်းကျင်လောက်မှာကို ရှောဒရုန်းတွေနဲ့ ပစ်ခဲ့တာကြောင့် လူနေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်” ဟု ၎င်းက ပြောသည်။
ယခုမိုးတွင်းကာလသည် ဒေသခံတောင်သူများ စိုက်ပျိုးရာသီချိန်ဖြစ်တာကြောင့် ယခုလို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခု ဖြစ်နေသည်ဟု ဒေသခံတောင်သူများက ပြောဆိုသည်။
“မိုးရာသီရောက်ပြီဆိုတော့ သီးနှံတွေစိုက်ပျိုးချိန် ရောက်ပြီဆိုတော့ တချို့တွေစိုက်ပျိုးကြပြီးပြီ။ တချို့ကြတော့လဲ စိုက်ပျိုးကြတုန်း။ ဒီကြားထဲ စစ်ကောင်စီတွေက စစ်ကြောင်းထိုးလာလိုက်တော့ စားနပ်ရိက္ခာတွေ ရေရှည်မှာစိုးရိမ်တယ်” ဟု ကျေးရွာအတွင်း ကျန်ရှိနေသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာရှိ ကယန်းပြည်သစ်ဂိတ်ကိုလည်း ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့က PNO က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကယန်းပြည်သစ်ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူနေစဉ် တစ်ဦးကျဆုံးသွားကြောင်း သိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။