ဖယ်ခုံမြို့ ၈ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၃ ဦး သေဆုံး

0
464
ပုံစာ - ဖယ်ခုံမြို့ ၈ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၃ ဦးသေဆုံးခဲ့သည်။

ရှမ်း-ကရင်နီ (ကယား) နယ်စပ် ဖယ်ခုံမြို့နယ်မှာ စက်တော်ကျေးရွာကနေ ခေါင်းအိစေတီကုန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအဆင့် ၁ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF က ဇူလိုင်လ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်နေ့ ကနေ ဇူလိုင် ၂၈ ရက်နေ့ အထိ ၈ ရက်တာအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအပြီး စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွာခဲ့ပြီး၊ ထိုထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသလို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံ PDF ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ခေါင်းအိစေတီကုန်းကို အင်အား ၅၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ ကာကွယ်ရေးတပ် ရဲဘော်တွေက ဆက်ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲ၌ ဖယ်ခုံ PDF တပ်ရင်း (၁)၊ KRU ၊ 1009 (IPDF) ၊ 1008 ၊ 1005 ၊ 1003၊ DMO 1106၊ ရှမ်းတောင် Drone တပ်ဖွဲ့ SSDF မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်က ပြောသည်။

ဖယ်ခုံမြို့ဘက်တွင် ကာကွယ်ရေးပူးပေါင်းတပ်များက စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်နေတယ်လို့ ဖယ်ခုံမြို့ဘက်တွင် ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောဆိုသည်။

“ဖယ်ခုံဘက်ကတော့ လက်ရှိအခြေနေက ခေါင်းအိ၊ တောင်စလုံးမှာက သူတို့ (စစ်ကောင်စီ) တွေ ရှိတဲ့အတွက် တခါတလေ ဒရုန်းတို့နဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ လက်ရှိ အနေအထားပေါ့နော။ ဖယ်ခုံမြို့ထဲအထိ ထိုးဖောက်ဖို့တော့ နည်းနည်းခက်ခဲမယ်” လို့ ၎င်းက ပြောသည်။

ဖယ်ခုံမြို့၌ တိုက်ပွဲဖြစ်ပွားနေသည့်အပြင် ကရင်နီပြည်ထဲကိုလည်း စစ်ကောင်စီက အင်အားဖြည့်တင်းနေပြီး လွိုင်ကော်- မိုးဗြဲ လမ်းမကြီးတလျှောက်မှာလည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here