28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဖယ်ခုံမြို့အနောက်ဘက်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်

ဖယ်ခုံမြို့အနောက်ဘက်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို မေလ ၁၄ ရက်နေ့ ည ၈ နာရီကျော်တွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးနှင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် စစ်ရှောင်များထံကနေ သိရသည်။

ထိုသို့ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိခဲ့ဘဲ အဆောက်အဦးတချို့သာ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောပါသည်။

“ပြည်သူတော့ မထိလိုက်ဘူး။ ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲလိုက်တာ။ ကျောင်းဆောင်ကိုတော့ ထိတယ်။ စစ်ရှောင်နေအိမ် ၂ လုံး ပျက်တယ်ပေါ့။ တစ်ကြိမ်တည်း ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးနှစ်လုံးပေါ့။ တပြိုင်တည်း ကြဲလိုက်တာ” ဟု အဆိုပါဒေသခံအမျိုးသားက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် အဆိုပါဘန်ကောက်စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ်နှင့် မေလ ၁၄ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင်အထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် မှတ်တမ်းပြု ကောက်ယူထားသည့် စာရင်းအရ အသက် ၁၅ နှစ်အောက် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၁ ဦး ရှိခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရသူများနှင့် နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း ဖယ်ခုံအရှေ့ဖက်ခြမ်း တစ်နေရာကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဆီကနေ သိရသည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အပစ်ရပ်ကြေညာထားသော်လည်း ယခုလို အရပ်သားများရှိရာနေရာများကို နေ့စဥ်တိုက်ခိုက်မှုတို့ကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။