ကယားပြည်နယ်၊ ဖယ်ခုံဒေသတွင် မေလ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၉ ဦး ကျဆုံးခဲ့ပြီး ကင်းထောက်ဒရုန်း တစ်စင်းနှင့် ကျည်တချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဒီမော့ဆို အမှတ်-၁၁၀၂ တပ်ရင်းက ဇွန်လ ၁ ရက်က သတင်းထုတ်ပြန်သည်။
“မေလ ၂၀၊ ၂၂ ၊ ၃၀ နှင့် ၃၁ တိုက်ပွဲအတွင်း ရရှိတဲ့ စာရင်းတွေ သေဆုံးတာတွေ မြင်တွေ့ရသလောက် စကစ ဘက်က ၁၉ ယောက်ပေါ့။ ၁၉ ယောက်ဆိုတာ သေနေတာ အလောင်းလိုက်တွေ့တာကို ပြောတာနော်။ မတွေ့တဲ့ သေဆုံးမှုတွေလည်း ရှိနိုင်တာပေါ့။ ကျနော်တို့ဘက်က ရဲဘော်တချို့တော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်။ တစ်ယောက်တော့ ပြင်းထန်ဒဏ်ရာပေါ့” ဟု တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်က ခေါင်အိကျေးရွာနှင့် လတူးရွာအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး မေလ ၂၁ နေ့က နယ်မြေရှင်းလင်းရေးပြုလုပ်ရာ ကင်းထောက်ဒရုန်း ၁ စင်း၊ ကျည်တချို့နှင့် စစ်အသုံးဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မေလ ၂၂ ရက်က စက်တော်ရွာနှင့် ခေါင်အိရွာအကြားတွင် ၁ နာရီခွဲ အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး တပ်ဖက်မှ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဖက်မှ သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၃၀ ရက်တွင်လည်း စက်တော်ရွာတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ တပ်ရင်းတာဝန်ရှိသူက ဆက်ပြောသည်။
မေလ ၃၁ ရက်တွင်လည်း စက်တော်ရွာအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံး ကာ ကာကွယ်ရေးတပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စစ်ကောင်စီမှ ကယားပြည်နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်မှုများတွင် လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု သိရှိရသည်။
ထိုသို့ တိုက်ခိုက်ရာတွင် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
နိရဉ္စရာ – ပေးပို့သည်။