ကရင်နီ (ကယား) ပြည်နယ်၊ ဖယ်ခုံမြို့စွန် ကျေးရွာများရှိ စစ်ဘေးရှောင်များမှာ အလှူရှင်များက လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် မလာရောက်နိုင်ကြသဖြင့် ရိက္ခာလှူဒါန်းမှု မရရှိသည်မှာ နှစ်ဝက်နီးပါးရှိလာပြီး ဆန်ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်ကူညီပေးသူများက ပြောသည်။
နယ်မြေအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ အစစ်အဆေး များပြားမှုအပြင် စစ်ကောင်စီမှ လမ်းပိတ် ဆို့ထားမှုများကြောင့် အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များအနေဖြင့် အဆိုပါမြို့စွန်ရှိ စစ်ဘေးရှောင် ပြည်သူများသို ပေးပို့ကူညီရန် အလှမ်းဝေးလာသဖြင့် ဆန်ပြတ်လပ်မှု ဖြစ်လာရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ယခုလိုပြောသည်။
“လောလောဆယ် စစ်ရှောင်တွေမှာ ဆန်ကို ဒေသခံတွေဆီက ချေးငှားပြီး စားနေရတယ်။ စစ်တပ်ဘက် ကတော့ သံတောင်မြောက်ပိုင်းမှာ ပိတ်တယ်၊ ဆီးဘူးကနေ ကရင်နီတကြောက နယ်ခံလက်နက်ကိုင်နယ်မြေ တွေချည်းပဲ။ အစစ်အဆေးတွေလည်း ရှိတယ်။ စစ်ရှောင်ကူအဖွဲ့တွေက သက်ဆိုင်ရာကို ခွင့်တောင်းပြီးမှ သွားလှူရတော့ မသွားချင်ကြတော့ဘူး။ ဒီးမော့ဆိုဘက်မှာလည်း ငတ်နေတဲ့သူတွေအများကြီးဆိုတော့ အဲဒီဘက်ပဲ လှူကြတော့တာ” ဟု ၎င်းက ပြောသည်။
ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ဒေသတွင်း အရပ်ဖက် အဖွဲ့များက လက်လှမ်းမီသလောက် အကူအညီပေးနေသလို နိုင်ငံတကာအလှူရှင်၊ အဖွဲ့အစည်းများသို့ လိုအပ်သော အကူအညီတောင်းခံရာတွင် အရေးပေါ်ထောက်ပံ့မှု အနေဖြင့်သာရရှိတာကြောင့် အမှန်တကယ် လိုအပ်ချက် ကြီးမားသောနေရာများသို့ မရောက်နိုင်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG ၏ ဒါရိုက်တာ ဦးဗညားခွန်အောင်က ပြောသည်။
“နိုင်ငံတကာအကူအညီက အရေးပေါ်အနေနဲ့ပဲ ရရှိတာပါ။ UNHCR ကလည်း စစ်ကောင်စီ ခွင့်ပြုတဲ့ အခြေအနေမှာပဲ လှုပ်ရှားနေတော့ လိုအပ်တဲ့နေရာတွေကို မရောက်ဘူး။ တချို့ လက်လှမ်းမမီတဲ့နေရာတွေမှာ ဒေသခံအစုအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျနော်တို့လုပ်ဆောင်ရတယ်။ လိုအပ်ချက်က ဆန်၊ ဆီ၊ ဆား တစ်ခုတည်း မဟုတ်ဘူးလေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြားအတွက် ကျနော်တို့ ငွေကြေးလိုအပ်တယ်” ဟု ဦးဗညားခွန်အောင်က ဆိုသည်။
ထို့အပြင် ကရင်နီတွင် စစ်ကောင်စီဘက်မှ ဆန်၊ ဆီ တင်သွင်းခြင်းအား ကန့်သတ်ပိတ်ဆို့မှုများ ရှိနေပြီး တချို့နေရာများတွင် ကားတစ်စီးလျှင် ဆန်အိတ် သုံးအိတ်၊ လေးအိတ်သာ တင်ဆောင်ခွင့်ရှိသည်ဟု ၎င်းက ဆက်ပြောဆိုသည်။
လက်ရှိအချိန်၌ ကရင်နီပြည်နယ်တွင် တော်လှန်ရေး အရှိန်အဟုန် အားကောင်းနေသော်လည်း ဒေသခံလူထုမှာ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု အများအပြား ခံနေရသောကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးတွင် လိုအပ်ချက်များစွာ ရှိနေသလို ယခုနှစ်ဝက်တာကာလအတွင်း စစ်ကောင်စီက စစ်ဘေးရှောင်စခန်းများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာတာကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေသည်။
ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်တို့ အပါအဝင် ကရင်နီပြည်နယ်ရှိ မြို့နယ်ပေါင်း ၇ ခု တွင် လူဦးရေ ၄ သိန်းခွဲ ဝန်းကျင် ရှိသည့်အနက် လက်ရှိအချိန်ထိ ဒေသတွင်း ပဋိပက္ခများကြောင့် စစ်ဘေး တိမ်းရှောင်နေရသူ စုစုပေါင်း ၂ သိန်းခွဲကျော် ရှိလာနေကြောင်း KnHRG ၏ စာရင်းကောက်ခံပြုစုထားချက် အရ သိရသည်။
ကေအိုင်စီ ပေးပို့သည်။