ဖမ်းဝရမ်းထုတ်ခံရသူ ပရဟိတအသင်းခေါင်းဆောင် ဇနီးကို အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွား

0
295
ပုံစာ - စစ်ကောင်စီအဖွဲ့ အင်အားအလုံးအရင်းဖြင့်လာရောက်ဖမ်းဆီးစဉ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရသဖြင့် တိမ်းရှောင်နေရသော ပရဟိတအသင်း ခေါင်းဆောင်တစ်ဦး၏ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စီးနင်းဝင်ရောက်ကာ ဖမ်းဆီးသွားသည်ဟု မြို့ခံများက ပြောသည်။

မျက်မြင်တွေ့ရှိသူတစ်ဦးက “စစ်သားတွေ ရဲတွေက ကားပေါ်ကခုန်ဆင်းပြီး အိမ်ထဲပြေးဝင်သွားတယ်။ ပြီးတော့ ဧည့်စာရင်းစစ်မလို့ ပြောတယ်။ သေနတ်တွေနဲ့ လမ်းထဲရော အိမ်ထဲရော ချိန်ထားတယ်။ နောက်တော့ စစ်ဗိုလ်က မူးနေတယ် ထင်ပါတယ်။ ဘယ်မှာလဲ ထုတ်ပေးလို့ အိမ်ထဲမှာ ဆဲဆိုအော်ဟစ်ပြောသံတွေ ကြားရတယ်” ဟု ပြောသည်။

ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် လှမ်းစုလမ်းထောင့်တွင် နေထိုင်သည့် ပရဟိတအသင်း ခေါင်းဆောင် ဦးဇော်သန့်၏ ဇနီးဖြစ်သူ အသက် ၄၅ နှစ် ဝန်းကျင်ရှိသူ ဒေါ်သဉ္ဇာအောင် (ခေါ်) မအငယ်မအား နေအိမ်တွင်ရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတို့က စစ်ကား ၆ စီးဖြင့် ရောက်လာပြီး ဒီဇင်ဘာလ ၈ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် ဖမ်းဆီးသွားကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းစစ်မည်ဟုပြောကာ တအိမ်လုံးကို ၂ နာရီခန့် မွှေနှောက်ရှာဖွေပြီး ဦးဇော်သန့်ကို မတွေ့သည့်နောက် ဇနီးဖြစ်သူ ဒေါ်အငယ်မကို ဖမ်းချုပ်ခေါ်ဆောင်သွားကာ သူမ (ဒေါ်အငယ်မ) ကိုင်သော လက်ကိုင်ဖုန်းကိုလည်း သိမ်းဆည်းသွားသည်ဟု ၎င်းတို့နှင့်နီးစပ်သူများက ပြောသည်။

အဖမ်းခံလိုက်ရသည့် ဒေါ်အငယ်မသည် အသက် ၁၂ နှစ်ရွယ် သားတစ်ဦး၊ အသက် ၇ နှစ်အရွယ် သမီးတစ်ဦးတို့ နှင့်အတူ ဆန်ခေါက်ဆွဲလုပ်ကိုင် ရောင်းချနေသူဖြစ်ပြီး သူအဖမ်းခံလိုက်ရသည့်အတွက် ကျန်ရစ်သည့် ကလေးနှစ်ဦးကို ဆွေမျိုးများက စောင့်ရှောက်ပေးထားသည်ဟု ၎င်းတို့နှင့်နီးစပ်သူများက ဆက်ပြောသည်။

ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက “မအငယ်မကို ဘယ်ခေါ်သွားသလဲ မသိသေးဘူး။ ရဲစခန်းကရော ရပ်ကွက်ရုံးကရော သူတို့မသိဘူး ပြောတယ်။ သူ့ယောက်ကျားကသာ ရပ်ရွာအရေး သာရေးနာရေးတွေ ဝါသနာ ပါတာ။ မိန်းမဖြစ်သူက အဲ့ဒါတွေ ဘာမှမသိဘူးလေ။ အခုလည်း လူလိုနားမလည်တဲ့ ကောင်တွေက ရိုက်ကြ နှက်ကြမှာ မိသားစုက စိုးရိမ်နေတယ်” ဟု ပြောသည်။

ဥပဒေအထောက်အကူပြု အဖွဲ့ဝင်ဟောင်းတစ်ဦးက ဒေါ်သဉ္ဇာအောင် (ခေါ်) ဒေါ်အငယ်မကို ယခုကဲ့သို့ ဖမ်းဆီး ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရားမဲ့ပြုမူခြင်း ဖြစ်သည်ဟု ထောက်ပြ ပြောဆိုသည်။

စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ထားပြီး လိုက်ရှာနေသော ဦးဇော်သန့်ဆိုသူမှာ ရွှေပန်းတိမ် ပညာရှင်တစ်ဦးဖြစ်ပြီး ရပ်ကွက်ထဲတွင်လည်း ပရဟိတ လူမှုရေးအသင်း ခေါင်းဆောင်တစ်ဦးဖြစ်ကာ၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သော်လည်း မည်သည့် နိုင်ငံရေးပါတီကမှ မဟုတ်ကြောင်း နီးစပ်သူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့တွင် အကြမ်းဖက်ရိုက်နှက် ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်လာချိန်က စပြီး ဦးဇော်သန့်သည် ရပ်ကွက်အတွင်း ပြန်လာခြင်း မရှိတော့ကြောင်း၊ ယခုအိမ်သို့ ပြန်မလာတော့သည်မှာ သုံးနှစ် နီးပါး ရှိနေပြီဟု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တချို့က ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here