ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၂၉ ရက်တွင် သတင်းသွားယူစဉ် ဖမ်းဆီးခံလိုက်ရသည့် Development Media Group (DMG) သတင်းဌာနမှ သတင်းထောက် ကို နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ရမန်ယူခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။
ယင်းသို့ ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် DMG သတင်းထောက် ကိုထက်အောင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ ဖြင့် အမှုဖွင့်ကာ စစ်တွေအမှတ် (၁) ရဲခစန်းသို့ ပြန်ပို့ဆောင်ခဲ့ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။
“ဒီနေ့ရမန်ယူတယ်လို့ တရားရုံးက ပြောတယ်။ အခု မြို့မရဲစခန်းမှာ ရောက်နေပြီ။ အစ်မတို့နဲ့တော့ မတွေ့ရသေးဘူး။ ဘာအကြောင်းနဲ့ အမှုဖွင့်တယ်လို့လည်း မသိခဲ့ရသေးဘူး” ဟု အဆိုပါမိသားစုဝင်က ပြောသည်။
အောက်တိုဘာလ ၂၉ ရက်တွင် စစ်ကောင်စီအဖွဲ့က DMG သတင်းဌာနမှ သတင်းထောက်ကိုထက်အောင်နှင့် ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုနှစ်ဦးအနက် သတင်းထောက်ဖြစ်သူ ကိုထက်အောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်ပြီး ညစောင့်ဖြစ်သူ၏ လက်ရှိအခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါသည်။
၎င်းတို့နှစ်ဦးအား ဖမ်းဆီးသွားစဉ်က စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့သော်လည်း အောက်တိုဘာလ ၃၀ ရက် မနက်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး သို့ ခေါ်ဆောင်စစ်ဆေး ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရပြီးနောက် ၎င်းတို့နှင့် ဆက်အသွယ် မရရှိသဖြင့် စိုးရိမ်ပူပန်နေရကြောင်း သတင်းထောက် ကိုထက်အောင်၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
“မိသားစုဝင်တွေကတော့ စိုးရိမ်နေကြတာ ပြောမတတ်အောင်ပဲ။ အမေဆိုရင် နေမကောင်းတောင် ဖြစ်နေတယ် စိုးရိမ်လွန်းလို့။ ဘာလို့ဆို သူနဲ့အဆက်အသွယ်မရဘူးလေ။ သူက ကျောင်းတက်နေတုန်း တန်းလန်း စာမေးပွဲလဲကလည်း ဖြေရတော့မယ်။ သူကအလုပ်လုပ်ယင်းနဲ့ ကျောင်းတက်နေတဲ့သူပါ။ အိမ်ကလည်းအများကြီး ထောက်ပံ့နိုင်တာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
DMG သတင်းထောက် ကိုထက်အောက်သည် အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဝင်္ကပါကွင်း၌ ပြုလုပ်သည့် ဆွမ်းတော်ကြီးလောင်းပွဲသို့ သတင်းဓာတ်ပုံ သွားရောက်ရိုက်ကူးရာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ယင်းနောက် စစ်တွေမြို့ရှိ DMG ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အထူးရဲတပ်ဖွဲ့ (SB) အပါအဝင် အင်အားနှစ်ဆယ် ကျော်ခန့်က ဝင်ရောက်စီးနင်းခဲ့ကာ ရုံးတွင်းရှိ ကင်မရာ၊ ကွန်ပျူတာနှင့် ရုံးဆက်စပ် ပစ္စည်းများကိုပါ သိမ်းယူသွားခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါ DMG ရုံး ကိုလည်း ချိတ်ပိတ်သွားခဲ့သည်ဟု ရုံးတာဝန်ရှိသူများက ပြောသည်။
အဆိုပါ သတင်းထောက်အား အမှုဖွင့်ဆိုထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ သည် “မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု မြန်မာဥပဒေ သတင်းအချက်အလက်စနစ် ပြဌာန်းချက်ရှာဖွေရေးတွင် ရေးထားသည်။
Western News သတင်းဌာနအယ်ဒီတာချုပ် ဝဏ္ဏခွာညိုက “စစ်ကောင်စီက သတင်းသမားဆိုရင် သူတို့ရဲ့ ရန်သူလိုမျိုး သတ်မှတ်ထားတယ်။ အဲဒါက သူတို့လုပ်ရပ်တွေကို ဒီသတင်းမီဒီယာတွေက ဖော်ပြတဲ့အတွက် သူတို့က အရမ်းကြောက်ပြီး၊ စိုးရိမ်ကြတယ်။ သတင်းသမားတွေကို ရန်သူသဖွယ်ပြုမူ ဆက်ဆံတယ်” ဟု ပြောသည်။
Development Media Group(DMG) သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) နှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းက ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သတင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။
ယင်းအပြင် DMG သတင်းဌာနက တာဝန်ခံအယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရသည်။
နိရဉ္စရာ ပေးပို့သည်။