မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက်တွင် ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ငွေညှစ်နေကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ကနီကျေးရွာမှ ၃ ဦး၊ မဒဲကျေးရွာမှ ၁ ဦး၊ မဲဇလီကျေးရွာမှ ၂ ဦး၊ ကျစ်ကိုင်းကျေးရွာမှ ၂ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
“ဖမ်းဆီးခံရတဲ့သူတွေက ကနီမြောင်းဘောင်တောင်ဘက်က အရက်ဆိုင်မှာသောက်နေကြတာ။ အဲဒီလူတွေကို ဝင်ဖမ်းတာ။ တချို့ကတော့ လွတ်တယ်။ ကျန်တာက တခြားရွာတွေက ဖမ်းခံရတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ကနီ၊ မဲဇလီနှင့် မဒဲကျေးရွာမှ ဖမ်းဆီးခံရသူများကို ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးများထံတွင် ထားခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၇၅ သိန်းဖြင့် ပြန်ရွေးနိုင်ရန် ညှိနှိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ကျစ်ကိုင်းကျေးရွာခံနှစ်ဦးကို ပွင့်ဖြူမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။
ယခုကဲ့သို့ ပေါ်တာဆွဲပြီးငွေညှစ်ခြင်းက အပတ်စဉ်လိုက် ပေးဆောင်နေရသည့် စစ်မှုထမ်းကြေးမပေးသည့်အတွက်ကြောင့်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
“ကျောင်းကုန်းကြီးကျေးရွာမှာ အခုထပ်ပြီးတော့ လေးသောင်းခွဲတောင်းတယ်။ ပြည်သူက မပေးနိုင်တော့ဘူး။ မပေးနိုင်တော့ မဲနှိုက်မယ်။ အကုန်နှိုက်ရမယ်လို့ ပြောတယ်။ တဖက်မှာလည်း ဖမ်းဆီးပြီးပိုက်ဆံရှာနေတယ်” ဟု ကျောင်းကုန်းကြီးကျေးရွာခံတစ်ဦးက ပြောသည်။
စစ်မှုထမ်းထောက်ပံ့ကြေးကို ကျေးရွာအလိုက် တစ်အိမ်ကို ၃၀,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ ကျပ်အထိ ပေးနေကြရပြီး စီးပွားရေးကျပ်တည်းလာသည့်အတွက် ပြည်သူများက မပေးနိုင်ဖြစ်လာသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း၌လည်း ပွင့်ဖြူမြို့နယ်ရှိ တံတားဂိတ်နှင့် မြို့အဝင်ဂိတ်များတွင် လူငယ်များကို ဖမ်းဆီးမှုများရှိခဲ့ပြီး ကျပ် ၂၀ သိန်းဝန်းကျင်ဖြင့် ပြန်ရွေးခဲ့ရကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပွင့်ဖြူမြို့နယ်မှ လူငယ်များ၊ အရွယ်ကောင်းသူများအနေဖြင့် စစ်ကောင်စီနှင့် ပျူစောထီးများကို မြင်တွေ့ပါက ဝေးဝေးရှောင်ကြရန်နှင့် ဖြစ်နိုင်လျှင် အပြင်မထွက်ကြရန် ဒီဇင်ဘာ ၁၉ ရက်ကစ၍ စတင်အသိပေးထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။