မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ပြီးခဲ့သည့်အောက်တိုဘာလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများ ထွက်ပြေးမှု ပိုများလာကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလတစ်လတည်းတွင် ရဲနှင့်စစ်သား ၁၀ ဦးနီးပါး ထွက်ပြေးခဲ့ကြောင်းနှင့် ထိုသို့ ရဲနှင့်စစ်သား တပ်ပြေးများ ပိုများလာမှုသည် ပုသိမ် – မုံရွာ လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
ထွက်ပြေးကြသူများထဲတွင် ပွင့်ဖြူမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ၂ ဦး၊ ရဲတပ်သား ၁ ဦး၊ မဲဇလီရဲစခန်းမှ ရဲ ၂ ဦး၊ ဝါ စိုက်ပျိုးရေးတပ်မှ တပ်ကြပ်အဆင့်အပါအဝင် ၃ ဦးနှင့် စလင်းမြို့နယ် အိုင်းမမှ ရဲတပ်သား ၂ ဦးတို့ပါဝင်ကြောင်း စစ်ကောင်စီနှင်နီးစပ်သူတို့ ပြောဆိုမှုအရ သိရသည်။
ထွက်ပြေးသွားသည့် ရဲနှင့်တပ်ပြေးများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်လာခြင်းမရှိကြောင်း မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ထွက်ပြေးသွားသူများ အကုန်လုံးလွတ်မြောက်သော်လည်း ပွင့်ဖြူရဲစခန်းမှ ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးမှာ ပြန်လည်အဖမ်းခံရပြီး အချုပ်ကျနေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း ပုသိမ် – မုံရွာလမ်းတလျှောက်၌ ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ၂၀ ဦး နီးပါးထိခိုက်ဒဏ်ရာရထားကြောင်း ဒေသခံများက ပြောဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။