ပွင့်ဖြူမြို့နယ်တွင် တစ်ရက်တည်း လူငယ် ၂၀ ခန့် ပေါ်တာဆွဲခံရ

0
138
Photo - Social Media

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ဇန်နဝါရီ ၁၄ ရက် တစ်ရက်တည်းတွင် လူငယ် ၂၀ ဝန်းကျင်ခန့် ပေါ်တာဆွဲခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပွင့်ဖြူမြို့နယ်၊ ဘိုကုန်းရွာနှင့် ထန်းတောစုရွာမှ လူဦးရေ ၂၀ ဝန်းကျင်ကို စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဆိုင်ကယ်တွေရော၊ လူတွေရော ဆွဲသွားတာ။ သင်တန်းပို့ဖို့ဆို ခြောက်ရက်လောက်တော့ အချိန်ရသေးတယ်။ ဒီကြားထဲ သူတို့ဆေးစစ်တာတွေ လုပ်ကြမယ်ထင်တယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ဘိုကုန်းရွာမှ လူငယ် ၁၆ ဦးနှင့်အတူ ဆိုင်ကယ်များပါ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ထန်းတောစုရွာမှလည်း ၃ ဦး ဖမ်းဆီးခံရပြီး အဖမ်းခံရသူအားလုံးကို ပွင့်ဖြူမြို့နယ် ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။

ဇန်နဝါရီ ၁၃ ရက်တွင် မဒဲကျေးရွာကို စစ်ကောင်စီက စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀၀ ကောက်ခံခဲ့သော်လည်း တစ်ရက်အကြာ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ထိုပိုက်ဆံများပြန်ပေးခဲ့သည့် အတွက် ပေါ်တာဆွဲခံရမည်ကို ရွာသားများက စိုးရိမ်မှုများ ရှိနေသည်။

အခုတကြိမ် ပေါ်တာဆွဲခံရသူများကိုလည်း စစ်ကောင်စီက ညှိနှိုင်းခွင့်မပေးတော့ဘဲ ဆေးစစ်ပြီးသည်နှင့် နီးစပ်ရာ တပ်စခန်းများဆီ စစ်မှုထမ်းရန် ပို့ဆောင်ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပွင့်ဖြူမြို့နယ်တွင် လူငယ် ၁၅ ဦးဝန်းကျင် ပေါ်တာဆွဲခံရပြီး ဆေးကျသည့် အတွက်် ပြန်လည်လွတ်မြောက်လာသူ ၂ ဦးသာ ရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက ပေါ်တာဆွဲထားသူများကို စကုတပ်နှင့် တပ်မ ၈၈ ဆီ ပို့ဆောင်ထားပြီး စစ်သင်တန်း ၃ လခန့် ပေးကာ ရှေ့တန်းသို့ ချက်ခြင်းစေလွှတ် တာဝန်ထမ်းဆောင်ခိုင်းနေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here