ပွင့်ဖြူနှင့် စေတုတ္တရာတွင် စစ်ကောင်စီကပြည်သူ့စစ်အတွက် တအိမ်တက်တအိမ်ဆင်းလူသစ်စုဆောင်းနေ

0
331
Photo - CJ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီက ပြည့်သူ့စစ်အတွက် တအိမ်တက် တအိမ်ဆင်း လူသစ်စုဆောင်းနေကြောင်း ဒေသခံများက ပြောပါသည်။

ပွင့်ဖြူမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီလက်အောက်ခံများက ကျေးရွာများသို့ နေ့စဉ်နီးပါး လိုက်လံစည်းရုံးမှုများ ရှိနေသလို စစ်ကောင်စီအရာရှိများကိုယ်တိုင် နေအိမ်များအထိသွားရောက်ပြီး ပြည်သူ့စစ် အတွက် ခေါ်ဆောင်နေတယ်ဟု ဒေသခံများက ပြောပြသည်။

ဒေသခံတစ်ဦးက “သူတို့က စစ်မှုထမ်းဖို့အတွက် လာရှင်းပြရင်းနဲ့ ပြည်သူ့စစ်အကြောင်းပါပြောတာ။ စစ်မှုထမ်းက တစ်အုပ်စုကို နှစ်ယောက်ဆိုရင် ပြည်သူ့စစ်က နှစ်ဆယ်နဲ့ သုံးဆယ်ကြား ရှိရမယ်လို့ပြောတယ်။ ရွာက အမျိုးသားတွေက မသွားကြဘူး။ အမျိုးသမီးတွေပဲ အဲဒီဟောပြောပွဲသွားကြတာ” လို့ ပြောဆိုသည်။

ယခုလို စစ်ကောင်စီအရာရှိများက အိမ်အရောက်ခေါ်ဆောင်နေခြင်းသည် ပြည်သူ့စစ်အတွက်သာ ခေါ်ဆောင်ခြင်းဖြစ်ပြီး စစ်မှုထမ်းရန်အတွက်လည်း ထပ်မံခေါ်ဆောင်မည်ဖြစ်ကြောင်း ရွာသားများကို ပြောသွားတယ်ဟု ၎င်းတို့က ဆိုသည်။

“ကျွန်တော်တို့ရွာက နှစ်ယောက်ကိုတော့ စေရာ က.ပ.စ ဗိုလ်ကြီးကိုယ်တိုင်လာခေါ်တာ၊ အုပ်ကြီးတွေကလည်း ဝိုင်းပြီးစည်းရုံးကြတော့ ကလေးက ပြည်သူ့စစ်မဟုတ်ဘဲ စစ်သားလုပ်သွားတာ” လို့ စေတုတ္တရာဒေသခံတစ်ဦးက ပြောပြသည်။

ပွင့်ဖြူ၊ စလင်းနှင့် စေတုတ္တရာမြို့နယ်များတွင် ပြည်သူ့စစ်ခေါ် ပျူစောထီးဦးရေ ၆၀၀ ကျော်ရှိကြောင်းသိရပြီး ထိုသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကတည်းက စတင် သင်တန်းပေးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

သင်တန်းဆင်းသည့် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက သေနတ်အတို၊ G-3၊ MA နဲ့ UZI အစရှိတဲ့ လက်နက်များ ထုတ်ပေးထားပြီး ယင်းတို့ထဲက တချို့သည် ရှေ့တန်းစစ်မြေပြင်အထိ လိုက်နေကြရပြီဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စေတုတ္တရာမြို့နယ် လုံးကြီးကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့မှုတွင် စစ်ကောင်စီနှင့်အတူ ပွင့်ဖြူနှင့် စေတုတ္တရာတို့က ပျူစောထီးများ ပါဝင်ခဲ့ပြီး စစ်ကောင်စီက မီးရှို့ အောင်ပွဲခံနည်းများပါ သင်ပေးခဲ့သည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here