မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပမည့် နေရာတို့တွင် မဲရုံလုံခြုံရေးတာဝန်ယူရန် စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့ကို ခန့်အပ်ထားပြီး မြို့နယ်နှင့်လူဦးရေအလိုက် တာဝန်ခွဲဝေမှုလုပ်ဆောင်နေကြောင်း စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတို့ထံမှ သိရသည်။
ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ (၁၆) ရက်တွင် စစ်ကောင်စီမှ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်းတွင် သင်တန်းဆင်းသူဦးရေ ၁ သောင်းအထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးပါတီတို့ ပြောပြချက်အရ သိရသည်။
အဆိုပါ အကြမ်းဖက်တိုက်ဖျက်မှု နှိမ်နင်းရေးသင်တန်းဆင်းတို့ကို တစ်မြို့နယ်လျှင် ၁၀၀ ဦးနှုန်းဖြင့် မဲရုံလုံခြုံရေး တာဝန်ပေးထားကြောင်းနှင့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တချို့တို့လည်း ဝန်းရံပါဝင်သွားရန်ရှိသည်ဟု ရေးမြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
“မဲရုံတစ်ရုံကို အနည်းဆုံး ၂ ယောက်လောက် ထားပေးမယ်ပေါ့။ ရဲတွေနဲ ပူးပေါင်းပြီးတော့ပေါ့၊ စစ်တပ်ကတော့ အပြင်မှာလုံခြုံရေး ထပ်ယူပေးမယ်။ မြို့နယ်တိုင်းပဲ သူတို့ထားထားတယ်။ အရင်က မဲရုံတွေမှာဆိုရင် အထူးရဲတွေလိုမျိုးပေါ့။ အရပ်သားတွေကိုခေါ်ပြီးတော့ သင်တန်း ၁ လတက်ခိုင်းတယ် မဲရုံစောင့်ဖို့ပေါ့၊ အခုကအဲ့လိုမျိုး မလုပ်တော့ဘူး” ဟု ၎င်းကပြောသည်။
မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲမဖြစ်မနေလုပ်ဆောင်ရန် သတ်မှတ်ထားသည့် ကျေးရွာတို့တွင်လည်း ပြည်သူ့စစ်နှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ၄၀ ဦး ထက်မနည်းပါဝင်သည့် လုံခြုံရေးအဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းဆင်းတို့ကို လက်နက်ကိုင်လုံခြုံရေးပေးသည့်အဖွဲ့နှင့် သာမန်လုံခြုံရေးပေးသည့်အဖွဲဟူ၍ ဖွဲ့စည်းထားပြီး အများစုတို့သည် အသက် ၃၅ နှင့် ၆၅ နှစ်အရွယ်ရှိသည့် အမျိုးသားတို့ဖြစ်သည်။
သို့သော် ပေါင်မြို့နယ်တွင် လက်ရှိစစ်ကောင်စီအဖွဲ့တို့ တင်းကြပ်ထားသည့် လိုင်စင်မဲ့ယာဉ် စစ်ဆေးခြင်း၊ မြို့အဝင်/အထွက် လုံခြုံရေးနှင့် ဌာနဆိုင်ရာ ရုံးလုံခြုံရေးပေးရန် အဆိုပါ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့ကို အသုံးပြုနေပြီး တစ်ရက်နေ့စားခ ၆,၈၀၀ ကျပ် ပေးဆောင်နေကြောင်းလည်း ပေါင်ဒေသခံတစ်ဦးက ပြောသည်။
“သူတို့ကို အပြာဝတ်စုံနဲ့ တစ်နေ့ကို ၆,၈၀၀ ပေးပြီးတော့ အကုန်လုံး သုံးနေပါတယ်။ အဖွဲ့နဲ့ပေါ့ တစ်ဖွဲ့ကို ၅၀ လောက်ရှိတယ်။ ဆိုင်ကယ်စစ်တဲ့နေရာမှာရော၊ မြို့လုံခြုံရေးအတွက် နေရာမှာရော၊ ရုံလုံခြုံရေးရော အကုန်သုံးနေတယ်။ ဝင်လုပ်တဲ့သူတွေများတယ်။ တစ်ကယ့်ငမူးတွေများတယ်။ ရွေးကောက်ပွဲကိစ္စ လှုပ်ရှားရင်လည်း သူတို့ကို သုံးမှာပဲလေ” ဟု ၎င်းကဆိုသည်။
ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်းနင်းရေးအဖွဲ့သည် စစ်ကောင်စီအဖွဲ့အတွက် လုံခြုံရေးပေးရန်သာဖြစ်နေပြီး ဒေသခံတို့ ကြုံတွေ့နေရသည့် ခိုးဆိုးလုယက်မှုနှင့် မူးယစ်ဆေးဝါးအမှုတို့ကို အရေးယူဝိုင်းဝန်းဖြေရှင်းပေးခြင်း မရှိကြောင်းလည်း မွန်ဒေသခံတို့ ပြောဆိုလျှက်ရှိသည်။
ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့်ရွေးကောက်ပွဲအတွက် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုတို့ကို စစ်ကောင်စီဌာနဆိုင်ရာအဖွဲ့တို့က မြေပြင်တွင် စတင်ဆောင်ရွက်နေပြီး လက်ရှိတွင် ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေကြောင်း သိရသည်။
လာမည့် ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် မဲပေးသရုပ်ပြပွဲများ မွန်ပြည်နယ်အတွင်း လုပ်ဆောင်ရန်ရှိပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကိုလည်း လက်ရှိတွင် မွမ်းမံသင်တန်းပေးနေပြီးဖြစ်ကြောင်း သိရသည်။
IMNA ပေးပို့သည်။