ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်သည့် ပင်လောင်းမြို့နယ်တွင် စစ်အသုံးစရိတ်အတွက် ခြိမ်းခြောက်ငွေကြေးကောက်ခံနေမှုများ ကြုံနေကြရသည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ပြောဆိုသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူနှင့် တီကျစ်ကျေးရွာအုပ်စုရှိ ကျေးရွာအားလုံးကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်တို့က ယခု ဇွန်လ စစ်အသုံးစရိတ်အတွက် တစ်အိမ် ၂ သောင်းကျပ်နှုန်းဖြင့် ကောက်ခံနေသည်ဟု ၎င်းတို့ကပြောသည်။
နန်းဆောင်ကျေးရွာတွင်နေထိုင်သူ အမျိုးသားတစ်ဦးက “အခု ဖယ်ခုံအရှေ့ဖက်ကမ်းမှာဖြစ်နေတဲ့ တိုက်ပွဲအတွက်ပေါ့။ ပြည်သူ့စစ်အသုံးစရိတ်အတွက် ပြည်သူကပဲ ထည့်ရမယ်လို့ ပြောထားတယ်။ ဒီတခါကောက်တာက ပြည်သူ့စစ်အတွက် သီးသန့်၊ နောက်တကြိမ် စစ်တပ်အတွက်ထပ်လာမှာ” ဟု ပြောသည်။
လက်ရှိကျေးရွာအုပ်စု ၂ ခုတွင် ကျေးရွာပေါင်း ၂၀ ကျော်ခန့်ပါဝင်ပြီး ကျေးရွာအုပ်စုတစ်စုစီ၌ ကျပ်သိန်းပေါင်း ၄၀၀ ခန့် ကောက်ခံသွားမည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများကဆိုသည်။
အဆိုပါကျေးရွာအုပ်စုရှိ ကျေးရွာတိုင်းကိုလည်း သက်ဆိုင်ရာ PNA အုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း လိုက်လံဖိအားပေးနေပြီး မထည့်ဝင်နိုင်သည့် အိမ်ထောင်စုများအား လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခြင်းများရှိနေသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။
ဆည်ခေါင်းကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးက “မထည့်ရင် တစ်ရွာလုံးက ဖယ်ကျဉ်တာပေါ့။ သာရေးနာရေးဆိုရင် မဖိတ်တော့ဘူး အဲလို။ စစ်ဖြစ်လို့ အိမ်တွေဘာတွေပျက်စီးရင်လည်း သူတို့ ထောက်ပံ့ကြေးမပေးဘူးပေါ့။ မရှိလည်း ချေးငှားပြီး ထည့်ကြတယ်” ဟု ပြောသည်။
ယခင်လများတွင်လည်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများအား စစ်အသုံးစရိတ်ကောက်ခံခြင်း၊ စစ်မှုထမ်းကောက်ခံခြင်းများ ပြုလုပ်ခဲ့ပြီး မထည့်ဝင်နိုင်သည့် နေအိမ်များအား ခြိမ်းခြောက်ခြင်း၊ ပိုင်ဆိုင်သည့် မော်တော်ယာဉ်များ ချောဆွဲ၍ ရှေ့တန်းတွင် အသုံးပြုခြင်းများ ရှိခဲ့ဖူးသည်။
ထို့အပြင် လက်ရှိမြေပြင်အခြေအနေတွင်လည်း ပင်လောင်းမြို့နယ်တွင် ၂ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်သည့် ကရင်နီလူမျိုးများအား ပြင်းပြင်းထန်ထန်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
NMG ပေးပို့သည်။