ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးကို ရေးဘီလူးအဖွဲ့ ပစ်သတ်

0
257
ပုံစာ- အသတ်ခံရသည့် ရေးမြို့ ပြည်သူစစ်အဖွဲ့ဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ (တောင်ပိုင်း) က ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။

ဇွန်လ ၂၀ ရက် နံနက်ပိုင်းက ပြည်သူစစ်အဖွဲ့ဝင် အသက် ၅၉ နှစ်အရွယ် ဦးရဲနိုင်ဝင်းကို ကျောက်မိချောင်းကျေးရွာ (တောင်ပိုင်း) ရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် ရေးဘီလူးအဖွဲ့ဝင် သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ပြောဆိုသည်။

“ဦးရဲနိုင်ဝင်းက အိမ်မှာပဲ ပစ်သတ်ခံရတာ။ ရင်ဘတ်နဲ့ ညှက်ရိုး‌တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ အခင်း ဖြစ်ပွားတဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇွန်လ ၁၉ ရက် ညပိုင်းက ရေးမြို့နယ်၊ ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်းနှင့် အုပ်ချုပ်ရေးမှူး ထွက်ပြေး လွတ်မြောက်သွားသည့်အတွက် အသက်သေဆုံးမှု မရှိကြောင်း ဒေသခံတို့ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကျောက်မိချောင်းရွာ (တောင်ပိုင်း) အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ စစ်ကောင်စီ သတင်း ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီဘက်က ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်း ထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု သတင်းထုတ်ပြန် ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here