စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF124 အဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်လိုက်ကြောင်း စစ်ကောင်စီ မီဒီယာများက ဇူလိုင်လ ၆ ရက်နေ့က ထုတ်ပြန်သည်။
ဟုမ္မလင်းမြို့နယ် နောင်ပါကျစ် ရပ်ကွက်သား ကိုဝေလင်းဦး (ခ) ကိုပါကြီးနှင့် ထိန်ကင်းကျေးရွာသား စိုးသန်း (ခ) ပီလုံး တို့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က ဟုမ္မလင်းမြို့နယ် နောင်ခမ်းကျေးရွာအနီးတွင် ဖမ်းဆီးခံရပြီးနောက် တစ်နှစ်အကြာတွင် ယခုကဲ့သို့ အမိန့်ချခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အလားတူ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကိုကျော်ဝင်းစိန်သည်လည်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က မန္တလေးမြို့သို့ ရောက်ရှိနေစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ယနေ့အချိန်ထိ တရားစီရင်ချက် ချမှတ်ခြင်း မရှိသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် နွေဦးတော်လှန်ရေးအဖွဲ့များအနေဖြင့် လွှမ်းမိုးထိုးဖောက်နိုင်မှု အခက်အခဲရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသအနည်းငယ်တွင်သာ လှုပ်ရှားနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။