မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ကနေ မြင်းခြံကို ပြန်လာသည့် ပျူစောထီးကားကို ဒေသတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger က သတင်းထုတ်ပြန် ထားသည်။
ဇန်နဝါရီလ ၅ ရက်နေ့က နွားထိုးကြီးမြို့နယ် ကန်ရွာနဲ့ ကန်နှောင်ရွာကြားမှာ မြင်းခြံ အမှတ် ၄ ရပ်ကွက်က ပျူစောထီးများ လိုက်ပါလာသည့်ကားကို ဒေသတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“Canda ကားတစ်စီးနဲ့ ဖိုးဝီးကားနှစ်စီး စုစုပေါင်းသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ပျူနှစ်ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ထူးခြားမှုတော့ မရှိသေးဘူး” လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ပျူစောထီးကားတွေကို ၅ လုံးတွဲ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှေ့ဆုံးက မောင်းနှင်နေသည့် Canda ကားထိမှန်ကာ တိုက်ခိုက်မှုအပြီး ကားပေါ်တွင်လိုက်ပါလာသည့် ပျူစောထီးတွေက သေနတ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ပြီး ထွက်သွားကြောင်း ၎င်းက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့ မန္တလေးခရိုင် တပ်ရင်း – ၃ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုသည်။
MBT အဖွဲ့သည် မကွေးနှင့် မန္တလေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေသည့် တော်လှန်ရေးအဖွဲ့ဖြစ်ပြီး ဒေသအတွင်းမှာ စစ်ကောင်စီတပ်နှင့် စခန်းတွေကို မကြာခဏ တိုက်ခိုက်နေသောအဖွဲ့လည်း ဖြစ်သည်။
လက်တလောတွင် စစ်ကောင်စီတပ် အင်အားနည်းလာမှုနှင့် မြေပြင်တိုက်ပွဲတွေမှာ အရှုံးပေါ်နေတာကြောင့် ပျူစောထီးတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်တာတွေလည်း ရှိနေသည်။
သံလွင်တိုင်းမ် ပေးပို့သည်။