ပေါက်မြို့နယ်ရှိ စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ အညာဒေသစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့

0
111
Photo - မြိုင်ပကဖ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ၏ လမ်းညွှန်ချက်ဖြင့် အညာဒေသစစ်ဆင်ရေးကပွဲအဖြစ် ဇူလိုင် ၇ ရက်နေ့ ညနေ ၅ နာရီမှ ည ၁၀ နာရီ ဝန်းကျင်ထိ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးတွင် ဒရုန်းဗုံးသီး ၁၀၀ ကျော် အပါအဝင် မြိုင်ပကဖ တပ်ဖွဲ့ဝင် အမြောက်အမြားနှင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“တိုက်ပွဲဖော်ဆောင်ချိန်တွေမှာ တိမ်းရှောင်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူလူထုတွေကို လွန်စွာပင် စိတ်မကောင်းဖြစ်ရပြီး စကစရဲ့ စစ်ကြောင်းသတင်း၊ လေကြောင်းသတင်းတွေကို အမြဲဂရုပြု နားစွင့်ပေးဖို့နဲ့ အထိခိုက်အကျအဆုံး မရှိစေဖို့ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပေါက်မြို့နယ်က က.ပ.စ စက်ရုံများကို လျှပ်စစ်ဓာတ်အားပေးနေသော ပျဉ်းမရွာမှ ထရမ်စဖော်မာများကိုလည်း တိုက်ခိုက်ခဲ့တာကြောင့် လျှပ်စစ်မီးပေးနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။

စစ်ကောင်စီဘက်က ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင်တစ်ကြိမ် ညနေပိုင်းတွင်တစ်ကြိမ် လေကြောင်းမှတဆင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ကာကွယ်ရေးအဖွဲ့များက အထိခိုက်မရှိ ဆက်လက်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

က.ပ.စ ၂၄ မှ ဟောင်ဝှစ်စာများဖြင့် ပြန်ပစ်ခတ်ခြင်း၊ ဆူးပုတ်ခုံရွာနှင့် ပျဉ်းမဆိုဒ်များဘက်မှ လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများကို ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာ ၇ ရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ပေါက်မြို့နယ် ဆူးပုတ်ခုံနှင့် ပျဉ်းမဆိုဒ်များတွင် ထားရှိသည့် လက်နက်ကြီး ၁၂၀ ၊ ၁၂၂ ၊ ၈၁ မမ များဖြင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ကြောက်လန့်တကြား အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ် နေသည့်အတွက် ကျေးရွာ (၇) ရွာခန့်မှ ပြည်သူများသည် ဘေးလွတ်ရာတောတောင်များထဲသို့ ပုန်းအောင်းတိမ်းရှောင်ခဲ့ရသည်။

အဆိုပါတိုက်ပွဲကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ် ရော့ကတ်တပ်ဖွဲ့၊ ဘာမထီ ပြောက်ကျားတပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်အဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်)၊ မွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here