ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် ကြိမ်နီပြင်မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ယမန်နေ့ည ၅ နာရီခွဲကျော်ကမီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၁၅၀ လုံးနှင့် ခိုလှုံရာအဆောင် ၃၅ လုံးမီးထဲပါသွားကာ လူပေါင်း ၃ ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်ဟု သိရသည်။
အဆိုပါမီးလောင်မှုသည် ကြိမ်နီပြင်ဒုက္ခသည် စခန်းရှိ ဦးအီလီယာ၏နေအိမ်တွင် ၎င်း၏ဇနီးဖြစ်သူ ထမင်း၊ ဟင်းချက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကြိမ်နီပြင်စခန်းမှတာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
အဆိုပါ မီးလောင်မှုသည် ယမန်နေ့ည ၉ နာရီခန့်ထိ ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ပြီး အနီးအနားတွင် နေအိမ်များမရှိတော့မှ မီးငြိမ်းသွားခဲ့သည် စခန်းတာဝန်ခံ ဦးအောင်ကျော်ထွန်းက နိရဉ္စရာသို့ပြောသည်။
“ လူအထိအခိုက်တွေဘာတွေတော့မရှိဘူး။ အိမ်အကောင်းတစ်လုံးတန်ဖိုးဆိုရင် သိန်း၁၅၀လောက်ရှိတယ်။ အဲလိုအိမ်တွေလည်း ၁၂ လုံးလောက်ပါသွားတယ်။ တစ်ချို့တွေမှာဆိုရင် စပါးတွေလှောင်ထားတာလည်းပါသွားတယ်။ ပိုက်ဆံတွေ၊ ရွှေတွေလည်း ပြန်မယူနိုင်လို့ ပါသွားကြပါတယ်။ အခုစပါးတွေကဈေးတက်တော့ WFPက ပိုက်ဆံပေးတဲ့အချိန်မှာ စပါးတွေလှောင်ထားကြတာပါ။ စပါးတွေအများပြား မီးထဲပါသွားပါတယ်” ဟုပြောသည်။
အဆိုပါမီးလောင်မှုကြောင့် စခန်းရှိ လူဦးရေ ၃၇၁၀ ဦးမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး လတ်တလောတွင် စာသင်ကျောင်းများနှင့် အသိမိတ်ဆွေအိမ်များတွင် နေနေရကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည့် ဦးအီလီယာ၏နေအိမ်မှ ဦးအီလီယာအပါအဝင် ၎င်း၏ ဇနီးဖြစ်သူနှစ်ဦးတို့သည်လည်း ရှောင်ပြေးနေကြောင်း စခန်းတာဝန်ခံကပြောသည်။
ထိုမီးလောင်မှုဖြစ်ပွားခဲ့သည့် ကြိမ်နီပြင်စခန်းတွင် ပေါက်တောမြို့နယ် ဒု-အုပ်ချုပ်ရေးမှူးနှင့် အစိုးရဌာနဆိုင်ရာမှတာဝန်ရှိသူများက ယမန်နေ့ညကသွားရောက်ကြည့်ရှုခဲ့ကြပြီး ယနေ့တွင်လည်း ထပ်မံလာရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြိမ်နီပြင် IPD စခန်းတွင် မွတ်ဆလင် ဒုက္ခသည်ပေါင်း ၇၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ၎င်းစခန်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပြီးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။