ပူတာအိုခရိုင် ကျေးရွာတစ်ခုတွင် ရာသီတုတ်ကွေးဖြစ်ပွား ဆေးခန်းမရှိလို့ အခက်ကြုံ

0
282
ပုံစာ - ပူတာအိုခရိုင် ပြည်သူ့ဆေးရုံကြီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် လုံရှာယန်အုပ်စုရှိ တန်ဂျာကျေးရွာအတွင်း ရာသီတုတ်ကွေး ဖျားနာမှုများဖြစ်နေပြီး ကျေးရွာထဲတွင် ဆေးရုံ၊ ဆေးပေးခန်း မရှိသောကြောင့် အခက်အခဲများ ဖြစ်နေကြသည်။

တန်ဂျာကျေးရွာ ဒေသခံများသည် မိုးရာသီဝင်လာသည်နှင့် တပြိုင်နက် ရာသီတုတ်ကွေး ဖျားနာကြရာ၌ ဆေးရုံဆေးခန်းမရှိသဖြင့် ပူတာအိုအထိ ဆေးသွားကုသကြရာတွင် မိုးရာသီကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး ငွေကြေးအခက်အခဲများလည်း ရှိနေတယ်လို့ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောဆိုသည်။

“ဆေးပေးခန်းဆိုတာက ကျတော်တို့ ကျေးရွာမှာ အစိုးရဘက်ကနေ ဖွင့်ပေးတဲ့ ဆေးခန်းက မရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ NGO ကူညီထောက်ပံ့ရေး အဖွဲ့အစည်းဖြစ်တဲ့ ဝေါ်ခေါန်ဆန့်ကနေ ဆေးပေးမှုတော့ ရှိတယ်။ ဒီမှာက ဘယ်အစိုးရဘက်ကနေလည်း ဆေးပေးခန်းပေးထားတာမျိုး မရှိပါဘူး။ ပြီးတော့ ရွာထဲမှာလည်း ဆေးဆိုင် ဖွင့်ရောင်းတဲ့သူတွေလည်း မရှိပါဘူး” ဟု အဆိုပါရပ်မိရပ်ဖက ပြောသည်။

လက်ရှိတွင် ကျေးရွာသားများသည် ရာသီတုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ခေါင်းကိုက်၊ နှာစေး၊ ပန်းနာရင်ကျပ် အပြင် ခန္ဓာကိုယ် ကိုက်ခဲခြင်းများ ဖြစ်ပွားခံစား နေကြသည်ဟု ပြောဆိုကြသည်။

ထိုသို့ ရောဂါဖြစ်ပွားသူများထဲ၌ ကလေးများ၊ သက်ကြီးရွယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ၌ ရောဂါ အဖြစ်များနေသည်ဟု ဒေသခံရွာသားများက ဆိုသည်။

ကျေးရွာတွင် ဆေးရုံ၊ ဆေးခန်း မရှိသည့်အပြင် ဆေးရောင်းသည့်ဆိုင်၊ ဆေးပေးခန်းတို့ မရှိသောကြောင့် ပိုမို အခက်အခဲ ဖြစ်နေကြောင်းနှင့် ယခုကဲ့သို့ နှစ်စဉ် မိုးရာသီရောက်တိုင်း တုတ်ကွေးဖျားနာမှုများ ရှိခဲ့သော်လည်း ရှေ့နှစ်များတွင် သဘာဝ ဆေးရွက်ဆေးမြစ်များနှင့်သာ ကုသခဲ့ရသည်ဟု ဒေသခံရွာသားများက ပြောသည်။

တချို့ရောဂါများမှာ သဘာဝဆေးမြစ်များနှင့် ကုသပျောက်ကင်းသော်လည်း ကြီးကြီးမားမား ရောဂါများ ဖြစ်ပွားပါက ပူတာအိုမြို့ ရှိ ဆေးရုံကြီးအထိ သွားရောက်ပြီး ဆေးကုသမှု ခံရယူကြရသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှု အခြေအနေ မပြင်းထန် သေးသော်လည်း မွေးကင်းစ ကလေးများနှင့် သက်ကြီးရွယ်အိုများ နေထိုင်မကောင်း ဖြစ်ပွားမှု များနေသောကြောင့် စိုးရိမ်နေရသည်ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“ဒါက နှစ်တိုင်း ဖြစ်တယ်လို့ ပြောလို့မရဘူး။ တစ်နှစ်မဖြစ်ရင် နှစ်နှစ်ခြားပြီး တခါ ဖြစ်တတ်တယ်။ အရမ်းဆိုး ရွားတဲ့ချိန် ရှိသလို မနှစ်ကလည်း သိပ်ပြီးမဆိုးခဲ့ဘူးပေါ့နော်။ အဲတာက ကွာခြားချက်ပေါ့နော်။ အခုဖြစ်နေတာ ကလည်း အရမ်းဆိုးရွားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်တာတော့ အိမ်တိုင်းပဲ။ ဒီကလေးရှိတဲ့ အိမ်တိုင်းက ဖြစ်နေတာပေါ့။ ပြီးတော့ အသက်အရွယ်ရပြီးတဲ့ ဘိုးဘွားတွေ ရှိတဲ့အိမ်တွေနဲ့ မွေးကင်းစကလေး နို့စို့အရွယ် ကလေးငယ်နဲ့ မိခင်တွေရှိတဲ့ အိမ်တွေတိုင်းက ဖျားနေကြတယ်” ၎င်းက ပြောသည်။

ဇွန်လဆန်းက စတင်ပြီး ရာသီတုတ်ကွေး ဖျားနာမှုများ တန်ဂျာကျေးရွာအတွင်း ဖြစ်လာခဲ့ကြောင်းနှင့်
လူဦးရေ ၆၀၀ ကျော် ရှိသည့် တန်ဂျာကျေးရွာခံများထဲမှ လူဦးရေ ၂၀၀ ခန့်သည် ရာသီတုတ်ကွေး ဖျားနာနေခြင်းကြောင့် အခြေအနေကို စောင့်ကြည့်နေရသည်ဟု ကျေးရွာခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။

တန်ဂျာရွာသားများက ၎င်းတို့၏ရွာ၌ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ပေးကာ ကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်း ဆရာ၊ဆရာမများ ချထားပေးရန် တောင်းဆိုနေကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here