ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်ရှိ ပြည်တော်သာအိမ်ရာတွင် နေထိုင်ကြသည့် အိမ်ထောင်စု ၁၉၀ ကျော်ကို စစ်ကောင်စီက နေအိမ်တိုက်ခန်းအသီးသီးကနေ ဖယ်ရှားခဲ့ကြောင်း ပုသိမ်မြို့ခံများက ပြောသည်။
ဖယ်ရှားခံရသည့် အိမ်ထောင်စုများတွင် CDM ဝန်ထမ်းမိသားစုများနှင့် ခေတ်အဆက်ဆက် နေထိုင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းမိသားစုတို့ အများဆုံးပါဝင်သည်ဟု မြို့ခံများက ဆိုသည်။
အငြိမ်းစား စစ်ဗိုလ်တစ်ဦးက “ဒီမှာနေတဲ့သူ အများစုက NLD ထောက်ခံသူတွေ များတယ်။ မဲပေးခဲ့တုန်းကတော့ ကိုယ်တွေက မခိုးမဝှက်မဲ့ လူကောင်းသူကောင်းကိုရွေးပြီး မဲပေးခဲ့တယ်။ ဘယ်ပါတီနဲ့မှ ပတ်သက်မှုမရှိခဲ့ဘူး။ ဒါပေမယ့် ကိုယ်တို့မိသားစုကိုလည်း ဖယ်ရှားခိုင်းတယ်။ ဆွဲချမယ်ဆိုလို့ အတော်စောစောကတည်းက တိုက်ခန်းပေါ်က ဆင်းပေးလိုက်တယ်” ဟု ပြောသည်။
ပြည်တော်သာအိမ်ရာတွင် နေထိုင်ကြသည့် မိသားစု ၃၅၀ ရှိသည့်အနက် မိသားစု ၁၉၀ ကို အိမ်ရာစည်းကမ်းနှင့် မကိုက်ညီတာကြောင့် ဦးစွာဖယ်ရှားခိုင်းပြီး စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာအသီးသီးတွင် လက်ရှိတာဝန် ထမ်းဆောင်နေသော ကျန်မိသားစုများကို ယာယီနေထိုင်ခွင့်ပြုထားသည်ဟု အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
အဆိုပါပြည်တော်သာအိမ်ရာကို ဖျက်သိမ်းပြီး အဆင့်မြင့် အိမ်ရာစီမံကိန်းသစ် တည်ဆောက်ရန်ရှိသည့်အတွက် ယင်းအိမ်ရာတွင် နေထိုင်သူများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ပြီးခဲ့သည့် ဇူလိုင်လပထမပတ်ကတည်းက အကြောင်းကြား သတိပေးခဲ့သည်ဟု အိုးအိမ်ဦးစီးဌာနတာဝန်ရှိသူက ဆက်ပြောသည်။
ပြည်တော်သာအိမ်ရာတွင် နေထိုင်ကြသူများထဲတွင် ဌာနဆိုင်ရာ အောက်ခြေဝန်ထမ်းမိသားစုများနှင့် အငြိမ်းစား ဝန်ထမ်းမိသားစုတို့ အများစု နေထိုင်ကြခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက် အိုးအိမ်ဦးစီးဌာနကို အိမ်ခန်းငှားရမ်းခ ပေးသွင်းပြီး မိသားစုစဉ်ဆက် အစိုးရဝန်ထမ်းအဖြစ် နေထိုင်ကြသူများဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ဖယ်ရှားခံရသည့် မိသားစုအများစုမှာ အောက်ခြေဝန်ထမ်းမိသားစု အများအပြားဖြစ်ကြပြီး မိုးရာသီကာလအတွင်း အစောတလျှင် ဖယ်ရှားပေးခဲ့ရသည့်အပြင် နေအိမ် မြေယာပိုင်ဆိုင်မှုများ မရှိကြသည့်အတွက် အခက်အခဲများစွာ ကြုံကြရသည်ဟု ဖယ်ရှားခံရသူများက ပြောသည်။
“အဖေနဲ့အမေက ပညာရေးဌာနက ပင်စင်စားတွေပါ။ ကျနော်က လက်ရှိ ဝန်ထမ်း၊ မိန်းမက CDM လုပ်တယ်။ ကလေးနှစ်ယောက်က အထက်တန်းကျောင်းသားတွေ၊ အခုလို နှင်ထုတ်ခံရတော့ အဖေနဲ့ အမေရဲ့ ချွေးနဲ့စာ စုဆောင်းထားတာလေးကို ရောင်းချပြီး မြေတို့အိမ်တို့ မဝယ်နိုင်လို့ အိမ်ငှားရတယ်။ ကျနော်ထက် ဆိုးရွားတဲ့ အခြေအနေနဲ့ သူတွေလည်း ရှိသေးတယ်” ဟု ယင်းအိမ်ရာတွင်နေထိုင်သူ အသက် ၄၅ နှစ်အရွယ် Non CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
အထပ်မြင့်တိုက်ခန်းအိမ်ရာ အခန်းပေါင်း ၃၅၀ ရှိ ပြည်တော်သာအိမ်ရာကို ဖျက်သိမ်းပြီး အထပ်မြင့် တိုက်ခန်းပေါင်း ၅၀၀ ပါဝင်သည့် မနောသုခအိမ်ရာ စီမံကိန်းအဖြစ် တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာနမှ သိရသည်။
ပြည်တော်သာအိမ်ရာသည် ဝန်ထမ်းအိမ်ရာ မဟုတ်ဘဲ ပြည်သူ့အိမ်ရာဖြစ်ကြောင်း ပြည်တော်သာအိမ်ရာတွင် နေထိုင်သည့် အိမ်ထောင်စု ၂၇၀ ကျော်က ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ထံ ပြည်တော်သာ အိမ်ရာကို မဖျက်သိမ်းရန် တင်ပြကန့်ကွက်ခဲ့ကြဖူးသည်။
မနှောသုခ အိမ်ရာစီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် အာဏာရအစိုးရနှင့် ပုသိမ်မြို့ခံလုပ်ငန်းရှင် ၉ ဦး ပါဝင်သော Nine Engineering Group Co. Ltd တို့ အကျိုးတူလုပ်ငန်းအဖြစ် ဆောက်လုပ်ရန် စီစဉ်ခဲ့ကြသော်လည်း လက်ရှိချိန်၌ ပြည်တော်သာအိမ်ရာကို ဖျက်သိမ်းပြီး တည်ဆောက်မည့် အိမ်ရာစီမံကိန်းသစ်ကိုမူ စစ်ကောင်စီနှင့် မည်သူ လုပ်ဆောင်မည်ကို အတည်ပြုချက် မရယူနိုင်သေးပါ။
ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ဘူတာလမ်းနှင့် အမှတ် ၆ ရပ်ကွက် ဗိုလ်ဘဌေးလမ်းမကြီး အကြားတွင်ရှိသော ပြည်တော်သာအိမ်ရာ စီမံကိန်းကို ၁၉၅၁ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယင်းအချိန်က မြန်မာနိုင်ငံတဝှမ်းလုံးရှိ မြို့ကြီးများတွင်လည်း အိမ်ရာပေါင်း ၄၆ နေရာ တည်ဆောက်ခဲ့ကာ အငှားအိမ်ရာအဖြစ် သားစဉ်မြေးဆက် နေထိုင်ခွင့်ရှိသည်ဟု အသက် ၇၀ ကျော်အရွယ်ရှိ အိုးအိမ်ဦးစီးဌာနက အငြိမ်းစားပင်စင်စားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
NMG ပေးပို့သည်။