ပုလော၊ ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီး

0
132
Photo - မြိတ်ခရိုင်တပ်ရင်း (၁)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာသွားတာကြောင့် ကျေးရွာအတွင်းရှိနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပြောဆိုမှုအရ သိရသည်။

ပုလောမြို့နယ်အခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းမှ အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ ကျောင်းနိမ့်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုန်းကြီးကျောင်း၌ တပ်စွဲနေထိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ နာရီဝက်နီးပါးကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ကျောင်းနိမ့်ကျေးရွာက နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောင်းနိမ့်ကျေးရွာမှ စစ်ကောင်စီတပ်သားများသည် ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းထဲ ပြန်ဆုတ်သွားခဲ့ပြီး အချိန်မရွေး စစ်ကြောင်းပြန်ထိုးနိုင်တာ‌ကြောင့် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာသည့်အနေအထားတွင် ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပုလောမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့ ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် လက်ရှိ၌ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျေးရွာ ၁၅ ရွာထက်မနည်းကို ယာယီစိုးမိုးထားသည်ဟု တော်လှန်ရေးအင်အားစုတို့ ပြောပြချက်အရ သိရသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုနှင့်အတူ နှစ်ဖက်တိုက်ပွဲများကြောင့် ပုလောမြို့နယ်က ကျေးရွာ ၁၅ ကျော်က ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံအရပ်သား ပြည်သူနေအိမ် ၉၄ လုံး ပျက်စီးခဲ့သည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi အစီရင်ခံစာအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here