တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ အလယ်တန်းကျောင်းအုပ်ဆရာမ ဒေါ်စုလတ်ဖြူဟာ နေအိမ်တွင် သေနတ်ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောပါသည်။
ပြီးခဲ့သည့် မေ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ပုလောမြို့နယ် မကျည်းကုန်းကျေးရွာတွင် နေထိုင်သော ကျောင်းအုပ်ဆရာမ ဒေါ်စုလတ်ဖြူကို အမည်မသိသေနတ်သမားများက နေအိမ်ပေါ်တက်ပြီး သေနတ်နှင့် ပစ်သတ်သွားခဲ့ပါသည်။
သေနတ်ပစ်ခတ်ခံရတာကြောင့် ကျောင်းအုပ်ဆရာမ ဒေါ်စုလတ်ဖြူဟာ ဦးခေါင်းနှင့် မျက်နှာတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့သည်။
သေဆုံးသွားသည့် ကျောင်းအုပ်ဆရာမဟာ တာဝန်ကျရာ ကဒဲကျေးရွာမှာ ကျောင်းမဖွင့်နိုင်သေးတာကြောင့် သင်တန်းဆင်းပြီးနောက် မြို့နယ်ပညာရေးမှူးရုံးတွင် ရုံးတက်နေခဲ့သူဖြစ်ကြောင်း သိရပါတယ်။
ဒေသခံတွေ၏အဆိုအရ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုလတ်ဖြူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလယ်တန်းကျောင်းအုပ်အဖြစ် ရာထူးတိုးခံရပြီး တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း သိရပါသည်။
စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ကျောင်းအုပ်ဆရာမကို အင်အား ၁၅ ဦးနီးပါးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေအိမ်အပေါ်မှာ သေနတ်နှင့် လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဝါဒဖြန့်မှုတွေ ရှိနေပါသည်။
ကျောင်းအုပ်ဆရာမကို မည်သူတွေက မည်သည့်အတွက်ကြောင့် သေနတ်နှင့်ပစ်သတ်ခဲ့ရသည့် ဖြစ်စဉ်အသေးစိတ်ကို သံလွင်တိုင်းမ်အနေနှင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တနင်္သာရီတိုင်းထဲတွင်တော့ စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ၄၀၀ နီးပါး သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသုတေသနအဖွဲ့များ၏ အချက်အလက်တွေအရ သိရပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။