ပုလောတွင် PDF စခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် ၈ ဦးကျဆုံး

0
396
ပုံစာ - ပုလောတွင် PDF စခန်းတစ်ခု စီးနင်းခံရ။ (Photo-Social Media)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းတစ်ခု စီးနင်း တိုက်ခိုက်ခံရမှုကြောင့် ရဲဘော် ၈ ဦး ကျဆုံးခဲ့ကြောင်း တိုင်း(ပကဖ) တာဝန်ရှိသူများက ပြောဆိုသည်။

ပုလောဒေသအတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြဒေါင်ကျေးရွာအနီးရှိ PDF စခန်းတစ်ခုကို အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စခန်းစီးနင်းတိုက်ခိုက်ခံရမှုကြောင့် PDF ရဲဘော် ၈ ဦး ကျဆုံးသွားပြီး သေနတ် ၇ လက် အပါအဝင် လက် နက်ခဲယမ်းတချို့ သိမ်းဆည်းခံလိုက်ရသည်ဟု တိုင်း(ပကဖ) တာဝန်ရှိသူများက ပြောသည်။

စခန်းစီးနင်းခံရသည့် ဖြစ်စဉ်အတွင်း PDF ရဲဘော်တချို့ ပျောက်ဆုံးမှု ရှိသော်လည်း အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အဆိုအရ အဆိုပါစခန်းကို ဒလန်သတင်းပေးမှုကြောင့် စီးနင်းတိုက်ခိုက် ခံရခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုမှုလည်း ရှိနေသည်။

PDF စခန်းကို စီးနင်းတိုက်ခိုက်သွားသော စစ်ကောင်စီတပ်သည် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် သွားရသည့် မြဒေါင်ရွာကိုလည်း ဝင်ရောက်မွှေနှောက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက် များအရ သိရသည်။

အဆိုပါစစ်ကြောင်းသည် စက်တင်ဘာ ၁၇ ရက်နေ့ ကလည်း ပုလောမြို့နယ် ပြင်ဖြူကျေးရွာထဲ စစ်ကြောင်း ထိုးလာစဉ် ဒေသခံအရပ်သား ၄ ဦး ကို ဖမ်းဆီးသတ်ဖြတ်သွားပြီး နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် မြဒေါင်၊ ပြင်ဖြူ၊ လက္ကူးနှင့် ပိတပ် ကျေးရွာများက ဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီသူများထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here