ပုလောတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်နေ

0
308
ပုံစာ - မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းတွင် ခရီးသွားကားများပိတ်မိနေစဉ်။ (Photo – CJ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ ဒေသခံတွေပြောဆိုမှုအရ သိရသည်။

မီးလောင်ချောင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ပြောပါသည်။

မီးလောင်ချောင်းတိုက်ပွဲကြောင့် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းတွင် ဇန်နဝါရီ ၃၀ ရက် နေ့လည်ပိုင်း အချိန်ထိ ခရီးသွားကား ရာနှင့်ချီပိတ်မိနေပြီး ဒေသခံထောင်နှင့်ချီလည်း ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ သိရသည်။

တနင်္သာရီတိုင်းထဲတွင် ယခုဇန်နဝါရီလက စပြီး စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ အကြား တကျော့ပြန် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်လာ တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ မီးလောင်ချောင်းစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ယာယီ သိမ်းဆည်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ စစ်ဆင်ရေးမှာပါဝင်သည် PDF ရဲဘော်တွေက ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့သလို ဒဏ်ရာရသူများနှင့် ထွက်ပြေးသွားတဲ့သူတွေလည်း အများအပြား ရှိနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့တွင်လည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိနေတယ်လို့ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီကျောက်ထုတပ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here