ပုလောတွင် စစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိမှန်ပြီး အဘွားအိုတစ်ဦးသေဆုံး

0
295
ပုံစာ - စစ်ကောင်စီလက်နက်ကြီးကြောင့် ပုလောတွင် အဘွားအိုတစ်ဦးသေဆုံးခဲ့သည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အသက် ၇၂ နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည် ၂ နာရီခန့်က ပုလောမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာတွင် လက်နက်ကြီးကျည်နှစ်လုံးသည် လက္ကူးကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင်ရှိနေသည့် အသက် ၇၂ နှစ် အရွယ် အဘွားအို ဒေါ်သန်းကြည်၏ လည်ပင်းတွင် လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ကျည်က အိမ်ဘေးမှာကျပြီး ကျည်စတွေက လူကို လာစင်တာပါ။ ကျည်က လက္ကူးရွာထဲမှာ နှစ်လုံးကျတယ်။ တပ်ရှေ့မှာ တစ်လုံးကျတယ်Ó ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်ကို အကြောင်းမဲ့ ပစ်ခတ်နေသည့်အတွက် ပုလောမြို့နယ်အတွင်းရှိ ကျောင်းနိမ့်ရွာ၊ ပဝတ်ဖျားရွာ၊ ဂျင့်ဂါရွာ၊ ပိတပ်ရွာ၊ နန်းတောင်ရွာ၊ မြဒေါင်ရွာ၊ တန်းရှင်းရွာ အစ ရှိသည့် ကျေးရွာများမှ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိနေကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့ညက ပလမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သလို သြဂုတ်လ ၁၈ ရက်နေ့ကလည်း ပလမြို့ဆိုင်းဘုတ်အနီးတွင်ရှိနေသည့် အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here