ပုလောတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး ၂ ဦး ဖမ်းဆီးရမိ

0
99
Photo - မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

တနင်္သာရီတိုင်း ပုလောမြို့နယ် ၅ မိုင် ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး တပ်ကြပ် ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

အင်အား ၅၀ ဝန်းကျင်နှင့် ၅ မိုင် ကျေးရွာအနီး စစ်ကြောင်းထိုး ဝင်ရောက်လာသော အမှတ် ၂၈၅ ခြေမြန်တပ်ရင်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဇူလိုင် ၁၀ ရက်နေ့ နေလည် ၁၂ နာရီခန့်က ဝိုင်းရံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ၏ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ၅ နာရီ နီးပါးကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး တပ်ကြပ် ၂ ဦးကိုလည်း အရှင် ဖမ်းဆီးရမိခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံက MA – 7 ၆၀ မမစိန်ပြောင်း ၁ လက်၊ MA – 1 ၁ လက်၊ MA – 2 ၂ လက်၊ MA – 3 ၃ လက်နှင့် MA-5 ပစ္စတို ၁ လက် အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တိုက်ပွဲအတွင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ တပ်ကြပ် ၂ ဦးကို လိုအပ်သော စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်ရှိ၌ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်တင်းမှု လုပ်ဆောင်နေပြီး ၅ မိုင်ကျေးရွာ အနီးတစ်ဝိုက်တွင် ရှိနေတာကြောင့် နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၊ တပ်ရင်း (၇) တပ်ခွဲ (၅)၊ ပုလောဒေသကာကွယ်ရေးတပ် PRDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here