ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာရှိ ဂျင်ဝိုင်းကျင်းပနေသည့် လူနေအိမ်တစ်အိမ်အား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ပစ်ခတ်ဖမ်းဆီးရာတွင် အရပ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်ဖမ်းခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၃ ဦးမှာ လက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု ဆိုသည်။
ထွက်ပြေးလွတ်မြောက်ခဲ့သူများနှင့် နီးစပ်သူတစ်ဦးက “စစ်သားကခွင့်ပြုလို့ လုပ်ခွင့်ရတာ ဟုတ်တယ်။ ဒါပေမယ့် အခုလာဖမ်းတာက PNO ယောင်ယောင် စကစ ယောင်ယောင်နဲ့ လာဖမ်းတာ။ PNO ဆိုတာကို သူတို့က ပအိုဝ်းစကားပြောလို့ သိတာ။ အသတ်ခံရတဲ့ မဲနယ်တောင်ရွာက တစ်ယောက်ဆိုတာ ပင်းတယ ပအိုဝ်းရွာလေ။ အဲဆိုတော့ အဲ့ဒီကလူတွေ ဆော့တဲ့နေရာမှာ အများကြီးပါတယ်။ အဲမှာသူတို့ချင်း ပအိုဝ်းလိုပြောတဲ့ဟာတွေ ရှိတော့ ပအိုဝ်းပြည်သူ့စစ်ဆိုတာ ကျနော်တို့ကသိတာ” ဟု ပြောသည်။
သေဆုံးသူ ၂ ဦးမှာ မဲနယ်တောင်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ အသက် ၆၀ အရွယ် ဦးကြီးဖေနှင့် ပန်းစစ်ကျေးရွာနေ အသက် ၃၇ အရွယ် ဦး၀င်းနိုင်တို့ ဖြစ်သည်ဟု နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက “သူတို့က ဟိုလိုမျိုး မင်္ဂလာပွဲဆိုလည်း လုပ်တာပဲ။ အသုဘဆိုလည်း လုပ်တာပဲ ရှင်ပြုပွဲဆိုလည်း လုပ်တာပဲ။ ဘာပွဲနေနေ လုပ်တယ်။ ခွင့်လည်း ခွင့်ပြုတယ်။ အဓိကတော့ အုပ်ချုပ်ရေးမှူး ခွင့်ပြုမိန့်ပဲ။ အုပ်ချုပ်ရေးမှူးက စကစနဲ့ Link ရှိ တယ်။ ကြားဖူးတဲ့ တခါတုန်းက ဘယ်မှာလဲမသိ ဝင်ဖမ်းတာ။ အုပ်ချုပ်ရေးမှူးကို သတင်းပို့တော့ နင်တို့က ငါ့ကိုမှ မပြောတာ။ ငါ့ကို ပြောလို့ရှိရင် ဒီလိုမျိုးဖမ်းစရာလည်း မရှိဘူးတဲ့။ ၁၄၊ ၁၅ သိန်း ပေးလိုက်ရင် ပြီးနေတဲ့ကိစ္စကိုဆိုပြီး ပြောတဲ့ဟာတွေရှိတယ်” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ၆ လခန့်ကတည်းက ပန်းစစ်ကျေးရွာတွင် စစ်ကောင်စီသတင်းပေး ဒလန် ၂ ဦး ရှင်းလင်းခံရသောကြောင့် စစ်ကောင်စီတပ်နှင့် PNA တပ်တို့ မလာရောက်သည်မှာ ကာလအတော်တန်ကြာပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင် အုပ်ချုပ်ရေးမှူးထံမှ ဆက်ကြေးမရသောကြောင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။
နယ်မြေအလိုက် အုပ်ချုပ်ရေးမှူးများက စစ်ကောင်စီနှင့် ညှိနှိုင်းပြီး လောင်းကစားဝိုင်းများကို လုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “သူတို့ အဓိက အုပ်ချုပ်ရေးမှူးနဲ့ညှိပြီး စကစကို ပေးတာပေါ့။ အခု နောက်ပိုင်းကျတော့ ပုံမှန် သူ့နယ်မြေဆိုရင် သူ့အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးမှ လုပ်ကြတာတော့ အကုန်လုံးနီးပါးပါပဲ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယမြို့နယ်တွင် ပျူစောထီးများ၏ ဦးဆောင်မှုဖြင့် လောင်းကစားဝိုင်းနှင့် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုများ ပေါ်ပေါ်တင်တင် ပြုလုပ်နေပြီး ထိုမှရသည့် ဆက်ကြေးများအား စစ်ကောင်စီတပ်ထံ ပေးပို့နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် ယင်းဒေသများ၌ စစ်ကောင်စီတပ်က စစ်အသုံးစရိတ်များလည်း လစဉ်ကောက်ခံနေပြီး ဧပြီလအကုန်တွင် စစ်မှုထမ်းဆောင်ရန် မဲနှိုက်ခေါ်ယူမည်ဟု ဒေသခံများက ပြောဆိုသည်။
NMG ပေးပို့သည်။