28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းပအိုဝ်းပြည်သူ့စစ်က ဆီဆိုင်ရှိစစ်ရှောင်များအား နေရပ်ပြန်ရန် ဖိအားပေးနေ

ပအိုဝ်းပြည်သူ့စစ်က ဆီဆိုင်ရှိစစ်ရှောင်များအား နေရပ်ပြန်ရန် ဖိအားပေးနေ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ပါရင်ကျေးရွာထဲရောက်ရှိနေသည့် စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA က ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

နောင်ပါရင်ကျေးရွာတွင်တိမ်းရှောင်နေသည့် တောင်ပို့ကွဲရွာခံစစ်ရှောင်တစ်ဦးက “သူတို့ (PNA) ပြောတာတော့ မကြာခင် ဆီဆိုင်မှာလည်း တိုက်ပွဲဖြစ်တော့မယ်ပေါ့။ ကျနော်တို့ကလည်း တင်ပြတာပေါ့။ ရွာမှာက စစ်ဖြစ်နေသေးတယ်။ ဒီမှာတော့ လောလောဆယ် နေလို့ရသေးတယ်လေနော်။ အဲ့ဒါကို လက်မခံဘူး။ အခု တော်တော်များများတော့ ပြောင်းကြပြီ” ဟု ပြောသည်။

နောင်ပါရင်ကျေးရွာတွင် နေထိုင်ရန် မသင့်ဟုဆိုကာ နေရပ်ပြန်ခိုင်းနေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင် ၈၀၀ ခန့်မှာ ထပ်မံတိမ်းရှောင်ရန်အတွက် အခက်အခဲများနှင့် ကြုံနေကြရသည်ဟု စစ်ရှောင်များက ပြောဆိုသည်။

PNO က ဇွန်လ ၂၀ ရက်နေ့တွင် နေရပ်ပြန်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ နောင်ပါရင်ကျေးရွာတွင် ခိုလှုံနေကြသူများမှာ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း၊ လင်ခန်၊ ဟိုဝိုးနှင့် ဖယ်ခုံအင်း အရှေ့ဘက်ကမ်းက တိုက်ပွဲများကြောင့် ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာနှင့် ညောင်ရွှေမြို့နယ်၊ တောင်ပို့ကျေးကွဲရွာမှ တိမ်းရှောင်လာကြသူများဖြစ်သည်။

အဆိုပါစစ်ရှောင်များမှာ ဇွန်လ ၁၂ ရက်နေ့ ဝန်းကျင်ကတည်းက နောင်ပါရင်ကျေးရွာသို့ ရောက်ရှိနေကြပြီး လက်ရှိတွင် ၎င်းတို့၏ဒေသအားပြန်ရန် မဖြစ်နိုင်သေးသဖြင့် ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် နီးစပ်ရာ တောတောင်နေရာများတွင် ထပ်မံတိမ်းရှောင်နေရသည်ဟု ပြောဆိုကြသည်။

နောင်ပါရင်ကျေးရွာတွင် တိမ်းရှောင်နေသည့် လွယ်ပေါရွာခံစစ်ရှောင်တစ်ဦးက “ကျမတို့က အဆင့်ဆင့် ရှောင်လာရတော့ ထပ်ရှောင်ဖို့က တော်တော်စဉ်းစားရတယ်လေနော်။ ပိုက်ဆံတအားကုန်တယ်။ အခုဆို ပြန်ရင်လည်း အိမ်က ရှိ/မရှိ တောင် မသိရသေးဘူး။ ရွာမှာလည်း တယောက်မှ မကျန်ဘူးလေ။ သူတို့နေဆိုလည်းနေပေါ့။ ပြန်ဆိုလည်းပြန်ပေါ့။ ဆွေမျိုးရှိတဲ့သူတွေတော့ ဆီဆိုင်မြို့ပေါ်ပြောင်းကြတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအား ဇွန်လ ၁၅ ရက်နေ့ဝန်းကျင်ခန့်ကလည်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO က နောင်ပါရင်ကျေးရွာအတွင်းမှ ရွာပြင်သို့ သွားလာခွင့် ပိတ်ထားခဲ့သေးသည်ဟု ၎င်းတို့က ပြောဆိုကြသည်။

အလားတူ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အတွင်းကလည်း ဆီဆိုင်မြို့နယ်ရှိ နောင်ကျောနှင့် တောင်ရှေ့ကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၆ ထောင်ကျော်ကိုလည်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO က မောင်းထုတ်ခဲ့သေးသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောဆိုသည်။

NMG ပေးပို့သည်။