ပလက်၀၊ နှုံးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်နိုင်

0
245

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ နှုံးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ရာတွင် အဆိုပါနှုံးဘူးဗျူဟာ စခန်းကုန်းအား သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း၊ “ နှုံးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် စစ်ကောင်စီတပ်သား အလောင်းတချို့နှင့် လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရာတွင် ဖော်ပြသည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီက အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း ၂ ခု ဖြစ်သည့် တရွန်အိုင်ဗျူဟာကုန်း နှင့် နှုံးဘူးဗျူဟာကုန်း စခန်းနှစ်ခုလုံးအား ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်ပြီး ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး “ တရွန်အိုင်ဗျူဟာ စခန်းကုန်းတစ်ခုလုံး” ကို ဒီဇင်ဘာလ ၄ ရက်နေ့၌ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထပ်မံ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် နှုံးဘူးဗျူဟာစခန်းကုန်းအား ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ထိုးစစ် ၂၇ ရက်မြောက်အကြာမှ နှုံးဘူးဗျူဟာ စခန်းကုန်းတစ်ခုလုံးအား သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ရန်သူသည် မိမိတို့၏ တစ်ရက်မျှ ရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူ အမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို့မှ ၎င်းဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် တစ်ပိုင်းတစ်စသိမ်းပိုက်ရန် ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက် သိမ်းပိုက် ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟုလည်း ဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here