ပလက်ဝ၊ ဆမီးမြို့အနီးမှ ရွာသား ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

0
335
Photo – Social Media

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ဘားဝရပ်ကွက်နှင့် ဟီဝရွာကြားမှာ စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်နီးပါးအကြာမှာ ဟီဝရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ဆမီးမှာ CNA က စကစ ကင်းစခန်းစောင့် တိုက်ခိုက်ပြီး မနေ့(နိုဝင်ဘာလ ၉ ရက်) က ကင်းစခန်းအနီးက ဟီဝရွာသားတွေကို စကစ ဖမ်းဆီးသွားပါတယ်။ ဆမီးတပ်စခန်းမှာ ခေါ်ဆောင်သွားတယ်။ လေးယောက်တော့ သိထားပါတယ်။ ရွာနဲ့အနီးမှာ တိုက်ပွဲဖြစ်တော့ ဖမ်းဆီးစစ်ဆေးသလားတော့ အတိအကျ မသိသေးဘူး။ အဖမ်းခံရသူတွေက ရိုးရိုးတောင်သူတွေပါ” ဟု ဆမီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်က ဆမီးမြို့၊ ဘားဝရပ်ကွက်နှင့် ဟီဝရွာကြားမှာ ကင်းစခန်းက ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်ဦး (CNF/CN A) စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ချေမှုန်းရေးရိုင်ဖယ် ၃ လက်ကို သိမ်းဆည်းရမိသည်ဟု CNF/ CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခိုနူမ်းသုန်းသတင်းဌာနကို အတည်ပြုပြောဆိုသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တစ်ပတ်အကြာ နိုဝင်ဘာလ ၉ ရက်က ဟီဝရွာသား အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

နိုဝင်ဘာလ ၄ ရက်က တိုက်ပွဲတွင် ဆမီးဒေသခံ ကလေးမိခင်တစ်ဦး ကျည်ထိပြီး ပလက်ဝဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here