ပလက်ဝမြို့ရှိ စစ်ရှောင်နေအိမ်များ ပြုပြင်ရန် IRC နှင့် UNHCR က အိမ်ဆောက်ပစ္စည်း ထောက်ပံကူညီ

0
323
Photo – KMG

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ယိုယွင်းပျက်စီးနေသည့် စစ်ဘေးရှောင်စခန်းများ ပြုပြင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများကို IRC နှင့် UNHCR အဖွဲ့အစည်းတို့က ထောက်ပံကူညီခဲ့ကြောင်း ပလက်ဝမြို့ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောသည်။

“သူတို့ရဲ့အိမ်တွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆောက်ထားတာဆိုတော့ မိုးပက်လို့ အကာတွေ၊ ခေါင်မိုးတွေက ဆွေးကုန်တာ၊ လေတိုက်ရင် ပြိုပျက်ကုန်တော့ IRC ကနေ တဆင့် တိုင်တွေ၊ ဝါးတွေ အရေအတွက်က ၉ သောင်းကျော် Camp တွေ အားလုံးအတွက်ပေါ့။ မျောတိုင်လည်း အလုံးရေ ၆ ထောင်ကျော်၊ အမိုးက UNHCR က ပို့တဲ့ တာဗွန် ရှိတယ်။ ဒီရက်ပိုင်းတော့ ပစ္စည်းတွေတော့ တော်တော်များများ ရောက်လာပြီလို့ ကြားမိတယ်” ဟု ၎င်းက ပြောသည်။

ပလက်ဝမြို့ စစ်ဘေးရှောင်စခန်း အများစုသည် ဝါးဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးများသာဖြစ်ပြီး ယိုယွင်းပျက်စီးနေသောကြောင့် မိုးမကျခင် အချိန်မီပြုပြင်ရန် လိုအပ်သည့် ဝါး၊ မျောတိုင်၊ အမိုးအကာများနှင့် အိမ်ဆောက်ပစ္စည်း အကူအညီတချို့ ရောက်ရှိပြီဟု သိရသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် စခန်း ၅ ခု ရှိပြီး ၂၀၁၈ ခုနှစ် ဝန်းကျင်ကတည်းက ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် ကျေးရွာများက ပလက်ဝမြို့ပေါ်သို့ စစ်ဘေး တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ယင်းစစ်ဘေးရှောင်စခန်း ၅ ခုတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၅၉၇ စုတို့ နေထိုင်ကြပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က စစ်ရှောင်းများ လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အဟာရမှုန့်များကို လစဉ်ထောက်ပံ့ ကူညီပေးနေသည်ဟု ပလက်ဝမြို့ရှိ စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

“သူတို့ကို နိုင်ငံတော် ခွင့်ပြုချက်နဲ့ (WFP) ပေးနေပါသေးတယ်။ သူတို့က နေလာတာ ၂ နှစ်၊ ၃ နှစ်ရှိပြီဆိုတော့ အဆင်ပြေသလို နေရတာပေါ့။ ကိုယ့်အိမ်လိုတော့ ဘယ်နေနေရမလဲ၊ သူတို့အိမ်တွေလည်းပဲ ယခင်အစိုးရကဆ ောက်ပေးတာ” ဟု ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြား ယာယီအပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်အများစုကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းသောကြောင့် စစ်ဘေးရှောင်တချို့ နေရပ်ပြန်သွားကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိအချိန်ထိ စခန်းတွင် နေထိုင်ကြသော စစ်ဘေးရှောင်များမှာ ကျန်းမာရေးအကူအညီ စောင့်ရှောက်မှုများ လိုအပ်နေကြကြောင်း စစ်ရှောင်များကို ကူညီပေးနေသူတစ်ဉီးက အခုလို ပြောသည်။

“သူတို့ လတ်တလော အရေးပေါ်က ကျန်းမာရေး စောင့်ရှောက်မှု၊ အရင်တုန်းက KMSS ကနေ Mobile Clinic တွေ ဖွင့်ပေးတာရှိတယ်။ အခု သူတို့က ဘတ်ဂျက် ပြီးသွားပြီ၊ အလှူရှင်တွေက ဆေးတွေလည်း လှူပေးတာမရှိတော့လေ အခု ဆေးခန်းလည်း မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ရှောင်နေကြသည့် ပြည်သူများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုမိုခက်ခဲလာနေပြီး အလုပ်အကိုင်ရှားပါးခြင်း၊ ချက်ပြုတ်စားသောက်ရန်အတွက် ထင်းများ ခက်ခဲခြင်းနှင့် ကျောင်းသားမိဘများက မိမိတို့ကလေးများအတွက် ကျောင်းစရိတ်များ ပံ့ပိုးပေးရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ၎င်းက ပြောဆိုသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here