ပလက်ဝမြို့ရှိစစ်ဘေးရှောင်များ မူလနေရပ်သို့ အောက်တိုဘာလတွင်အပြီးပြန်ကြရန် စစ်ကောင်စီဖိအားပေးနေ

0
366
ဓာတ်ပုံ - ပလက်ဝမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူတချို့(Photo-Chin World Media)

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင် နေထိုင်နေကြသည့် စစ်ဘေးရှောင်များကို မူလနေရပ်သို့ အောက်တိုဘာလတွင် အပြီးပြန်ရမည်ဟု စစ်ကောင်စီက ပြောဆိုထားကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က စစ်ဘေးရှောင်စခန်း တာဝန်ခံများကို ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ယူပြီး ဒေသတည်ငြိမ်နေပြီဖြစ်၍ အောက်တိုဘာလတွင် နေရပ်ပြန်ရေး အသင့်ပြင်ထားကြရန် ပြောဆိုခဲ့သည်ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

“ပလက်ဝမြို့ပေါ်မှ စစ်ဘေးရှောင် အကုန်လုံးပြန်ရမှာပါ။ အောက်တိုဘာမတိုင်ခင် မိမိနေရပ်ကို အပြီးပြန်ရမယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားကြဆိုပြီး ပြောလိုက်ပါတယ်။ အောက်တိုဘာလ ဘယ်နေ့ဆိုပြီးတော့ မပြောထားသေးဘူး” ဟု ၎င်းက ပြောသည်။

ပလက်ဝမြို့ပေါ်မှ စစ်ဘေးရှောင်များမှာ လက်ရှိတွင် နေရပ်သို့ မပြန်လိုကြသေးသော်လည်း အတင်းပြန်ခိုင်းပါက ပြန်ရမည်ဟု ပလက်ဝမြို့ရှိ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းမှ ဒေါ်ခိုင်ဝင်းရွှေက ပြောသည်။

“နေရပ်ကို အတင်းပြန်ခိုင်းရင်တော့ ကျမတို့က ပြန်ရမှာပေါ့။ ကျမတို့မှာ နေရပ်မပြန်ရင် နေမယ့်နေရာမှ မရှိတာ။ နယ်မြေ ရှင်းလင်းပေးပြီးမှ နေရပ်ပြန်ခိုင်းစေချင်တယ်။ ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်ပြင်ဖို့အတွက် ထောက်ပံ့ငွေ ပေးစေချင်တယ်။ စားနပ်ရိက္ခာ ထောက်ပံ့စေချင်တယ်” ဟု ဒေါ်ခိုင်ဝင်းရွှေက ပြောသည်။

စစ်ဘေးရှောင်များ မိမိနေရပ်သို့ မပြန်လိုခြင်းသည် ကျေးရွာအတွင်းနှင့် အနီးအနား၌ လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားခြင်း၊ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ခြင်း၊ မိုင်းအန္တရာယ် စိုးရိမ်မှုတို့အပြင် လုံခြုံရေးအာမခံချက် မရှိခြင်းတို့ကြောင့်ဟု ပြောဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို အစည်းအဝေးခေါ်ယူပြီး စစ်ကောင်စီတပ် ၂၈၉ တပ်ရင်းမှ တပ်မမှူးကိုယ်တိုင် အောက်တိုဘာလအတွင်း နေရပ်ပြန်ရမည်ဟု ပြောဆိုမှုများ ရှိခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ပလက်ဝမြို့ အ.ထ.က စစ်ဘေးရှောင်းစခန်းမှ အမျိုးသားတစ်ဦးက “ကျနော်တို့ကို နေရပ်ပြန်ခိုင်းရင် စားနပ်ရိက္ခာ တစ်နှစ်လောက် ထောက်ပံ့ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ကျွဲ၊ နွားတွေ မရှိတော့ဘူး။ နေရပ်မှာ ဘာလုပ်စားရတော့မှာလဲ” ဟု ပြောသည်။

ပလက်ဝမြို့ပေါ်တွင် စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်း၊ အ.ထ.က စစ်ဘေးရှောင်စခန်း၊ RC စစ်ဘေးရှောင်စခန်း၊ ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်း၊ ဝိသုဒ္ဓါရုံ စစ်ဘေးရှောင်စခန်းတို့ ရှိသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် ပလက်ဝဒေသရှိ နှမဒါ၊ သူဌေးကုန်း၊ လယ်လှ၊ သကာချောင်း၊ ကေသက်၊ သရက်တောင် စသည့် ကျေးရွာများမှ လူဦးရေ ၂,၇၀၀ ခန့် ခိုလှုံနေထိုင်လျက် ရှိနေသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပလက်ဝမြို့ပေါ်သို့ စစ်ဘေး တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များထဲမှ အဘောင်သားကျေးရွာသား ၄၅၀ ဦးခန့်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီက နေရပ်ပြန်ပို့ပေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် AA တို့ လူသားချင်းစာနာမှုကို အခြေခံ၍ အပစ်အခတ် ရပ်စဲပြီးနောက် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်တချို့မှာလည်း နေရပ်ပြန်သူများ ရှိခဲ့သည်။

ထိုသို့ နေရပ်ပြန်သွားကြသူများတွင် စားဝတ်နေရေး၊ အလုပ်အကိုင် အခက်အခဲများ ရှိနေကြသည်ကို သိရသည်။

ရခိုင်နှင့် ပလက်ဝ ဒေသတို့တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅၈,၀၀၀ ကျော် ရှိနေသေးကြောင်း UNHCR က ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here