ပန်းသပိတ် ဆင်နွဲသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် ကံပေါက်ဒေသခံ အမျိုးသမီး ၄ ဦးကို မိသားစုဝင်များက ဇွန်လ ၂၂ ရက် ညနေပိုင်း အချိန်ထိ တွေ့ဆုံခွင့် မရရှိသေးလို့ စိုးရိမ်နေကြသည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဖောင်းတောကျေးရွာခံ အမျိုးသမီး ၄ ဦး ကို ပန်းသပိတ် ဆင်နွဲသည်ဟုဆိုပြီး မောရဝတီ ရေတပ်က လာရောက်ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့တုန်းက ပန်းသပိတ်လုပ်ပြီး အွန်လိုင်းပေါ်ကို တင်ထားတဲ့ပုံတွေကိုပြပြီး လာဖမ်းတာလို့ သိရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဇွန်လ ၂၀ ရက် ည ၈ နာရီခန့်က မောရဝတီရေတပ်မှ ဖောင်းတောကျေးရွာသို့ ကား ၃ စီးဖြင့် ရောက်လာပြီး ဖောင်းတောကျေးရွာခံ အဆိုပါ အမျိုးသမီး ၄ ဦးကို နေအိမ်များ၌ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
လာရောက်ဖမ်းဆီးစဉ်က ဖောင်းတောကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်တပ်ထောက်ခံသူတချို့လည်း ပါဝင်သည်ဟု ရွာသားများက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဒေါ်နှင်းမြင့် အသက် ၄၅ နှစ်၊ ဒေါ်စုဝေ အသက် ၄၁ နှစ်၊ ညီအမတော်စပ်သည့် ဒေါ်မီးလေး အသက် ၃၉ နှစ်နှင့် ဒေါ်မီးချို အသက် ၃၇ နှစ်တို့ဖြစ်ကြောင်း ၎င်းတို့က ပြောပြသည်။
ဖမ်းဆီးခံရသူများအနက် ဒေါ်စုဝေသည် စစ်တပ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာတွင် ညီမဖြစ်သူနှင့်အတူ စစ်ကောင်စီတပ်၏ ခေါ်ယူစစ်ဆေးခြင်းကို ခံရဖူးသေးသည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးထားသူများကို အုန်းပင်ကွင်းကျေးရွာရှိ မောရဝတီ ရေတပ်စခန်း ဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးနေပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြောင်း ရွာသားများက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ည ၁၁ နာရီခန့်ကလည်း ကံပေါက်ကျေးရွာ သီရိမင်္ဂလာရပ်ကွက်မှ ရင်ခွင်သစ် (ECCD) ပုဂ္ဂလိက မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီး သွားခဲ့သေးသည်။
ကံပေါက်ဒေသ၌ ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်တို့ နှစ်ရက်အတွင်း စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးခံနေရသူ ၆ ဦးအထိရှိနေပြီး တစ်ဦးမျှ ပြန်လည်လွတ်မြောက်လာသေးခြင်း မရှိသေးကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပန်းသပိတ်လုပ်ကြဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်း ပြောဆိုသည့်အတွက် ထိုနေ့က ပန်းပန်ထားသူများ၊ ပန်းကိုင်ဆောင်ပြီး သွားလာခဲ့သူများ၊ ပန်းရောင်း သူများအပြင် ပန်းပျိုးပင် ဝေပေးသူများကို စစ်တပ်က ဖမ်းဆီးခဲ့ရာ နိုင်ငံတဝှမ်း လူပေါင်း ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရသူများအနက် ပြန်လည်လွတ်မြောက်လာ တချို့ရှိသော်လည်း တချို့မှာ ယနေ့အချိန်ထိ ပြန်မလွတ်လာသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။ ဖမ်းဆီးခံထားရသူများအနက် တချို့မှာ ဥပဒေပုဒ်မ ၅၀၅-(က) ဖြင့် တရားစွဲဆိုခံထားရသည်။
စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ် ပြည့် မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ပန်းသပိတ်နှင့် လူထု လှုပ်ရှားမှုများကို နိုင်ငံတဝန်းတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ပန်းသပိတ်ကို ၂၀၂၂ ခုနှစ်က နိုင်ငံတဝှမ်း လုပ်ဆောင်ခဲ့ကြသေးသည်။
NMG ပေးပို့သည်။