26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းပဒါန်းမြို့ အဝင်/အထွက်ကို စစ်ကောင်စီပိတ်ထားလို့ ရိုးပေါ်မှ ချင်းဒေသခံများ ဆေးဝါးနှင့်ရိက္ခာပြတ်လပ်နေ

ပဒါန်းမြို့ အဝင်/အထွက်ကို စစ်ကောင်စီပိတ်ထားလို့ ရိုးပေါ်မှ ချင်းဒေသခံများ ဆေးဝါးနှင့်ရိက္ခာပြတ်လပ်နေ

မကွေးတိုင်း၊ ပဒါန်းမြို့ အဝင်/အထွက်ကို စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ပင်ထားသည့်အတွက် အမ်း-ပဒါန်းလမ်းရှိ ရိုးပေါ်မှ ချင်းဒေသခံများ ဆေးဝါးနှင့်ရိက္ခာ ပြတ်လပ်နေကြောင်း သိရှိရသည်။

ရိုးပေါ်ဒေသခံချင်းလူမျိုးများ အဓိကအားထားရသည့် ပဒါန်းမြို့ အဝင်/အထွက်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ ပိတ်ပင်တားမြစ်ထားသည့်အတွက် ဒေသခံချင်းလူမျိုးများ စားနပ်ရိက္ခာနှင့်ဆေးဝါးများ ပြတ်လပ်နေသည်ဟု ချင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရိုးတောင်ပေါ်က ဒေသခံအများစုက ပဒါန်းကိုပဲ အားထားရတယ်။ အမ်းဖက်နဲ့ဆို ဝေးတယ်။ အဓိက စားနပ်ရိက္ခာက ပဒါန်းကနေ ဝယ်ရတယ်။ အခုက ပဒါန်းဘက်မှာ စစ်ကောင်စီစစ်ကြောင်းတွေရှိတယ်။ စစ်ကောင်စီက ဝင်ခွင့်မပေးတော့ အဓိက ဆန်ပြတ်လပ်တယ်။ ဟင်းတွေက ရှာစားလို့ရသေးတယ်။ ပြီးတော့ ဆေး။ ဖျားနာလို့ ပဒါန်းဆေးရုံသွားမယ်ဆိုရင်တောင် မရဘူး။ စစ်ကောင်စီက အမျိုးမျိုးရစ်တယ်။ အမှန်တကယ် နေမကောင်းဖြစ်ရင်တောင် ဆေးထောက်ခံစာတောင်းပြီး ရစ်တယ်” ဟု ၎င်းက ပြောသည်။

မြို့အဝင်/အထွက်အား ပိတ်ပင်ပြီးနောက်တွင် တဖြည်းဖြည်း ပြန်လည်ဝင်ထွက်ခွင့် အနည်းငယ်ရရှိခဲ့သော်လည်း ပြီးခဲ့သည့်မေလမှစတင်ကာ ဒေသခံများအား မြို့ပေါ်မှနေ၍ စားနပ်ရိက္ခာကို တစ်နပ်စာထက်အပို ဝယ်ယူခွင့်မပြုဘဲ ထပ်မံတားမြစ်လာခဲ့သည်။

ယင်းသို့ တားမြစ်ထားသည့်အတွက် ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အကြား ရိုးပေါ်တွင်ရှိသည့် မထုံ၊ ကမြင်းကန်၊ တိုက်စည်း၊ ဇမြွန်း၊ ရှောက်တောင်၊ ဂုတ်ကြီး၊ ဂုတ်ဝ၊ ခွန်ဆူရွာ၊ ရေနွယ်ရွာ၊ လှိုင်ရွာ၊ ပဇီရွာစသည့်ကျေးရွာများမှ ဒေသခံများတွင် ဆေးဝါးနှင့်စားနပ်ရိက္ခာများ ပိုမိုကျပ်တည်း ခက်ခဲလျက်ရှိသည်ဟု သိရသည်။

ရိုးတလျှောက်မှ ကျေးရွာဒေသခံများကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟုဆိုကာ ယခုကဲ့ပိတ်ပင်တားမြစ်လာခြင်းဖြစ်ပြီး ဆေးဝါးရိက္ခာ ပြတ်တောက်အောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည်ဟု AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“AA ထိန်းချုပ်တဲ့နယ်မြေတွေက ချင်းဒေသခံ၊ ရခိုင်ဒေသခံတွေကို စစ်ကောင်စီက တမင် တားမြစ်ပိတ်ပင် နေတာ။ အခု ရိုးပေါ်က AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သူတို့ရွာတွေမှာ လွတ်လပ်စွာဝင်လို့ နေကြတယ်။ စားရေးသောက်ရေးက အရင်ကတည်းက ပဒါန်းကိုပဲသွားလာပြီး သူတို့ကပစ္စည်းရောင်းလိုက်၊ သူတို့က ပဒါန်းကနေ စားစရာပြန်ဝယ်လိုက်ပေါ့” ဟု ၎င်းကပြောသည်။

စားနပ်ရိက္ခာများ AA ထံ ရောက်မည်စိုးသည့်အတွက် နတ်ရေကန်စခန်းကို ဦးဆောင်ကာကွယ်ရန် တာဝန်ကျထားသည့် တပ်မ (၉၉) မှ ဗိုလ်မှူးချုပ်နိုင်ဝင်း ဦးဆောင်ပြီး ယခုကဲ့သို့ မြို့အဝင်/အထွက်နှင့် စားနပ်ရိက္ခာသယ်ယူခွင့်များအား တားမြစ်ထားခြင်းဖြစ်သည်ဟု ပဒါန်းဒေသခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။