စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့ ဒေသထွက်သီးနှံများအား ဟုမ္မလင်းမြို့နယ်သို့ အဓိကတင်ပို့ရောင်းချနေခြင်းကို ကန့်သတ်ပိတ်ပင်လိုက်တာကြောင့် တောင်သူများ အရှုံးပေါ်နေကြကြောင်း ပင်လည်ဘူးဒေသခံ ကုန်သည်များက ပြောသည်။
ပင်လည်ဘူးမြို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် NUG ၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက် အုပ်ချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ယင်းနောက်ပိုင်း ဒေသထွက်စပါးအပြင် တခြားသီးနှံများကို သယ်ယူခွင့်ရောင်းချခွင့် ကန့်သတ်လာခြင်းဖြစ်သည်ဟု သိရသည်။
ပင်လည်ဘူးမြို့က ဆန်ကုန်သည်တစ်ဦးက “စပါးကိုလည်း နယ် (ပင်လည်ဘူး) ပြင်ပပို့လို့ မရဘူး။ နယ်အတွင်းမှာတောင် အခွန်ဂိတ်တွေက မနဲပဲ။ ကောလင်းကိုတော့ ပို့လို့ရတယ်၊ ဟုမ္မလင်းဘက် မရဘူး” ဟု ပြောသည်။
ပင်လည်ဘူးဒေသထွက်သီးနှံများကို ဟုမ္မလင်းမြို့နယ်သို့ အဓိကတင်ပို့ရောင်းချခဲ့ရာက ယခုနောက်ပိုင်း တင်ပို့ရောင်းချမှုတို့ကို ကန့်သတ်ပိတ်ပင်လိုက်တာကြောင့် ဒေသခံတောင်သူများမှာ စိုက်ပျိုးစရိတ်အရင်းတောင် မရရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုလို ဒေသထွက်စပါးအပြင် တခြားသီးနှံများအား သယ်ယူခွင့်မရသည့် အကြောင်းအရင်းကို NUG လက်အောက် ဒေသဆိုင်ရာ ပကဖ ၊ ပအဖများပင် တိတိကျကျ ပြောဆိုခြင်းမရှိဟု ပင်လည်ဘူးဒေသခံ ကုန်သည်များက ဆိုသည်။
ပင်လည်ဘူးမြို့ဒေသအတွင်း စိုက်ပျိုးမြေဧက ခုနှစ်သောင်းကျော်ရှိပြီး နှစ်စဉ် စပါးတင်းပေါင်း ငါးသန်းခွဲကျော် ထွက်ပြီး ဒေသတွင်းစားသုံးမှုနှင့် ပိုလျှံသည့် စပါးတင်းပေါင်းသုံးသန်းကျော်ကို ဟုမ္မလင်းဒေသသို့ အဓိက တင်ပို့ရောင်းချခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “ဒီစိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ပလဘ (ပင်လည်ဘူး) မြို့နယ်က တင်ပို့ရောင်းတာတွေကို ကန့်သတ်တာတွေကြောင့် တောင်သူနဲ့ မွေးမြူရေးသမားတွေက စျေးကောင်းမရဘူး။ ကန့်သတ်ချက်တွေများတာ၊ အဲ့ဒါတွေက ဒေသတွင်းကုန်ဈေးနှုန်း ကွာဟမှုတွေ မြင့်လာစေတယ်” ဟု ပြောသည်။
ပင်လည်ဘူးမြို့သိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန်တွင် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ခဲ့သည့် ပင်လညမြို့ပေါ်နေရာများတွင် စစ်ကောင်စီတို့ထောင်ထားခဲ့သော မြေမြှုပ်မိုင်းရာနှငိ့ချီကို တွေ့ရှိခဲ့ရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
ပင်လည်ဘူးမြို့နယ်ထဲက ကျေးလက်ဒေသများကို ၂၀၂၂ ခုနှစ်နှောင်းပိုင်းတည်းက NIG က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ပညာရေး၊ အခွန်ကောက်ခံမှု၊ သံယံဇာတတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး၊ ကျန်းမာရေးလုပ်ငန်းတို့ကို ဆောင်ရွက်နေပြီး ဒေသခံရွာသားများကလည်း စပါးနှင့် ရာသီပေါ်သီးနှံတို့ကို စိုက်ပျိုးနေကြောင်း သိရှိရသည်။
ရှမ်းနီအသံ ပေးပို့သည်။