ပခုက္ကူ၊ လေးတိုင်ရွာစာသင်ကျောင်း လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျောင်းဆရာတစ်ဦးသေဆုံး

0
195
Photo - CJ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လေးတိုင်ရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက လေးတိုင်ရွာစာသင်ကျောင်းကို လေယာဉ်နှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အပြင် စက်သေနတ်များနှင့်ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံများက ပြောဆိုသည်။

“လေကြောင်းကနေ သုံးခါလောက် ကြဲချပြီးတော့မှ စက်လက်တွေနဲ့ ပတ်ပစ်တာ။ စာသင်ခန်းတစ်ခန်း ပျက်စီးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပြသည်။

စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ချိန်သည် ကျောင်းသားများအား ကျောင်းပိတ်ထားချိန်ဖြစ်ပြီး မြို့နယ် ပအဖ – ပကဖနှင့် ကျောင်းဆရာများ အစည်းအဝေးလုပ်နေချိန်ဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူကျောင်းဆရာသည် အဆိုပါကျောင်းတွင် ကွန်ပျူတာ သင်ကြားပေးနေသော ကျောင်းဆရာဦးစိန်မင်းထိုက် ဆိုသူဖြစ်ကြောင်းနှင့် ထိုသို့တိုက်ခိုက်ခံရမှုကြောင့် ရွာသားတစ်ဦးလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ ဆိုပါသည်။

ယင်းအပြင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အအုံများနှင့် ကားတစ်စီးပါ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံများက ပြောဆိုသည်။

ထိုသို့တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့နယ် ပအဖတာဝန်ခံက အစည်းအဝေးသတင်းပေါက်သည်ဟု ယူဆရကြောင်းနှင့် ဘယ်ကပေါက်လည်းဆိုသည်ကို အဖြေရှာမရသေးသလို အစည်းအဝေးရှိသည်ကိုသိပြီး တိတိကျကျ ဗုံးလာချသွားတာဖြစ်သည်ဟု Myanmar Now သတင်းဌာနကို ပြောဆိုထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံပုရာပင်ကျေးရွာသားနှစ်ဦး သေဆုံးခဲ့သည်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၀ နီးပါး သေဆုံးထားရတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here