နှစ် ၂၀ ကျော်ကြာ အပစ်ရပ်ထားသည့် KNSO (ကြယ်ဖြူ) က စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မည်ဟု တရားဝင်ကြေညာ

0
151

စစ်ကောင်စီ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ တော်လှန်တိုက်ခိုက်သွားမည်ဟု အပစ်ခတ်ရပ်စဲရေး ယူထားသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်သည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) (ခေါ်) ကြယ်ဖြူက ဧပြီလ ၁၀ ရက်နေ့ ရက်စွဲနှင့် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

KNSO အတွင်းရေးမှူးစောသက်စံက “သဘောထားက စာထုတ်ပြန်တဲ့အတိုင်းပဲ၊ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အရင်ကတည်းက ပူးပေါင်းခဲ့သလို ခုလည်းပူးပေါင်းနေဆဲပဲ။ ကရင်နီပြည်တနယ်တည်းမက ပြည်မကပြည်သူတွေ ကျနော်တို့ဒေသထွက် သတ္တုလုပ်ငန်းကို မှီခိုအားထားရတယ်။ ပြည်သူအိုးအိမ်၊ စီးပွားရေး ထိခိုက်မှာစိုးလို့ ငြိမ်းချမ်းရေးနဲ့ ထိန်းထားတာပါ။ အာဏာသိမ်းပြီးကတည်းက မော်ချီးနဲ့ ခဲမဖြူခွင်တွေမှာ ကျနော်တို့ အုပ်ချူပ်ရေးချထားတာ ခုချိန်ထိပါ” ဟု ပြောဆိုသည်။

KNSO ဌာနချုပ်ရုံး အခြေပြုရာ ခဲမဖြူကျေးရွာအတွင်းကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်တာ၊ မော်ချီးဒေသလူထုရှိရာ ကျေးရွာများကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တာက စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်တာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

KNSO နယ်မြေအတွင်းရှိ ဒေသခံလူထုအနေနှင့် စစ်ကောင်စီက လေယာဉ်နှင့်ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာရှိသည့်အတွက် လုံခြုံရေး ဂရုစိုက်နေကြရန်လည်းKNSO က တိုက်တွန်းပြောဆိုထားသည်။

“စိုးရိမ်မှုတော့ အနည်းနဲ့အများ ရှိကြပါတယ်။ ကြိုတင်တွက်ဆ ပြီးသားပါ။ ကျနော်တို့ ထုတ်ပြန်စာထုတ်ပြီး နောက်ပိုင်း ယခင်ကထက်ပိုပြီး လုံခြုံရေး ဂရုစိုက်ကြပါ။ ဗုံးခိုကျင်း စားနပ်ရိက္ခာ၊ ဆေးဝါး၊ သွားလာရေး၊ သတိရှိကြပါ မပေါ့ဆကြပါနဲ့။ လိုအပ်ရင် (KNSO) အုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပါ” ဟု KNSO အတွင်းရေးမှူးစောသက်စံက ပြောဆိုသည်။

ယင်းအပြင် အာဏာသိမ်းမှုနောက်ဆက်တွဲ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်တွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်အားကိုးပြီး အင်အားသုံး တိုက်ခိုက်လာသည့် စစ်ကောင်စီ၏လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ ကနေ ခွဲထွက်ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့၌ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး ကရင်နီပြည်၊ လိုပွါခိုခရိုင် (မော်ချီးဒေသ) အတွင်း ဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပါသည်။

ကန္တာရဝတီတိုင်း(မ်) မှ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here