နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် သမီးဖြစ်သူတို့ ထောင်ပြောင်းခံရ

0
309
ပုံစာ - ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် သမီးဖြစ်သူမမိုးဆန်းစုကြည်

ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် သမီးဖြစ်သူ မမိုးဆန်းစုကြည်တို့ကို မကြာသေးမီက ထောင်ပြောင်းရွေ့လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

သားဖနှစ်ဦးအနက် သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်က ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရခြင်း ဖြစ်သည်ဟု အစ်မဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

မမိုးဆန်းစုကြည်သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၂ဝ၂၁ ခုနှစ်၊ မေလ ၉ ရက် တွင် ရန်ကုန်မြို့၊ လှည်းတန်း မြို့နယ်ရှိ တိုက်ခန်းတွင် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် ထောင် ၆ နှစ် ချမှတ် ခံထားရသည်။

အလားတူ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည်လည်း ပြီးခဲ့သည့် မေလအတွင်းက စစ်တွေ အကျဉ်းထောင်မှ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသည်ဟု သမီးဖြစ်သူ မကြည်ကြည်ဦးက ဆိုသည်။

“ အခုလို ထောင်ပြောင်းလိုက်တဲ့အပေါ် အထွေအထူးတော့ ပြောစရာမရှိပါဘူး။ သူတို့မှာ ပြောင်းချင်ရင် ပြောင်းတယ်။ ရွှေ့ချင်ရင် ရွှေ့တယ်ပေါ့”ဟု မကြည်ကြည်ဦးက ပြောသည်။

ဦးညီပုသည် စစ်တပ်အာဏာသိမ်းသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတချို့နှင့် အတူ ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားခဲ့ရာမှ ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထပ်မံဖမ်းဆီးခံရပြီး စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

ဦးညီပုကို နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) ဖြင့် ထောင်ဒဏ် ၉ နှစ်၊ မဲမသာမှု ပုဒ်မ ၁၃ဝ (က) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ် ခံထားရသည်။

သူတို့သားဖအား ယခုကဲ့သို့ ထောင်ပြောင်းလိုက်ခြင်းမှာ အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအရ ပြောင်းရွှေ့ခြင်း ဖြစ်သော်လည်း အကျဉ်းသားများအပေါ် လူ့အခွင့်အရေးနှင့် အညီ အခွင့်အရေးပေးဖို့ လိုအပ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ထောက်ပြသည်။

“အပြောင်းအရွှေ့ကတော့ သူတို့မှာ လုပ်ထုံးလုပ်နည်းအရ လုပ်တာ။ သို့သော် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပမာ ဆေးကုသခွင့် မရဘူး။ မိသားစုနဲ့ တွေ့ခွင့်မရဘူး။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပဲ။ လူ့အခွင့်အရေးဆိုင်ရာ အကျဉ်းသားဥပဒေနဲ့ မှန်မှန်ကန်ကန် အကျဉ်းသားတွေကို အခွင့်အရေးပေးဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

ဦးညီပုတို့ သားဖနှစ်ဦးအနက် မမိုးဆန်းစုကြည်ကို ပြီးခဲ့သည့် ဇွန်လအတွင်း စီရင်ချက်ချချိန်တွင် တစ်ကြိမ် မိသားစုများက တွေ့ဆုံခွင့်ရခဲ့ပြီး၊ ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မျက်စိအထူးကု ဆေးရုံတွင် မျက်စိခွဲစိတ်မှု ခံယူနေရသည့် မေလ ၂၆ ရက်နှင့် ဇွန်လ ၁၆ ရက်တို့တွင် တစ်ကြိမ်စီ မိသားစုက တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

ဦးညီပုသည် စစ်တွေထောင်တွင် ရှိနေချိန် ဘယ်ဘက်မျက်လုံးတွင် တိမ်ဖုံးသည့် ဝေဒနာမှာ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လခန့်မှ စတင်၍ ပိုမိုပြင်းထန်လာခဲ့ပြီး ခွဲစိတ်ကုသမှု ရရှိရန် မိသားစုက တစ်နှစ်ကျော်ကြာ အကြိမ်ကြိမ် တောင်းဆိုခဲ့ရကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

ထောင်ပြောင်းရွေ့ ခံလိုက်ရသည့် ဦးညီပုနှင့် သမီးဖြစ်သူ မမိုးဆန်းစုကြည်တို့ ကျန်းကျန်းမာမာ ရှိနေကြသည်ဟု မိသားစုဝင်များက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here