မန္တလေးတိုင်း၊ မိုးကုတ် – မန္တလေးလမ်းမကြီးအား တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဩဂုတ်လကတည်းကနေ ယနေ့အချိန်ထိ နှစ်ဖက်တပ်များက ပိတ်ဆို့ထားခြင်းကြောင့် အခြားလမ်းလွှဲများမှ သွားလာနေကြရာတွင် နှောင့်နှေးကြန့်ကြာမှု အခက်အခဲများ ကြုံနေကြရကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောဆိုသည်။
လမ်းပိတ်ထားသည့် ကာလများအတွင်း စစ်ကိုင်း – သစ်ဆိပ် – ရွှေပြည် – လက်ပံလှ လမ်းလွှဲမှသွားလာခဲ့ရပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် ထိုလမ်းကိုပါ ရက်အကန့်အသတ်မရှိ ထပ်မံပိတ်ဆို့လိုက်သည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။
လက်ရှိတွင် မိုးကုတ်မှဆင်းလာသည့်ကားများမှာ ရွှေဘို – ကျောက်တန်း – မောင်းကုန်း – တကောင်း – သျှားတော လမ်းလွှဲမှသွားလာနေရပြီး အခက်ခဲများစွာ ကြုံနေရသည်ဟု ယာဉ်မောင်းများက ဆိုသည်။
မိုးကုတ်သို့ဝင်မည့် ယာဉ်မောင်းတစ်ဦးက “လမ်းက မြင်သာအောင်ပြောရရင် ရွှေဘိုဘက်ကလာတဲ့လမ်းတစ်ခုပဲ ကျန်တာ။ မေမြို့ကနေလာတဲ့ လမ်းတွေကြတော့ ဖြတ်လို့မရတော့ဘူး။ ရွှေဘိုကနေ ကောလင်းလမ်းဆုံ အဲဒီကနေ မြစ်ကြီးနားသွားလည်း ရတယ်လေ။ အဲဒီကနေပြီးတော့မှ တစ်ခါ အပေါ်ပြန်တက်ပြီးမှ ဒီဘက်ကို ပြန်ဆင်းလာရတယ်ဆိုတော့ အဲ့ဒီလမ်းတစ်လမ်းပဲ လောလောဆယ်ရှိတာ” ပြောသည်။
ပိတ်ဆို့ထားသည့် စစ်ကိုင်းလမ်းလွှဲမှာ မန္တလေးသို့ နေ့ချင်းပြန်သွားနိုင်သော်လည်း လက်ရှိအသုံးပြုရသည့် ရွှေဘို လမ်းလွှဲတွင် ၈ နာရီခန့် ပိုကြာခြင်း၊ ကမ်းကူးရာတွင် ၃ ရက်အထိ စောင့်ဆိုင်းရခြင်းများ ကြုံတွေ့နေရပြီး နှေ့နှေးကြန့်ကြာမှုများစွာရှိနေသည်ဟု ဆိုကြသည်။
ထို့အပြင် လမ်းခရီးရှည်ကြာသည့်အတွက် ဂိတ်ကြေးများ ပိုပေးရပြီး ကမ်းကူးခအနေဖြင့်လည်း ယခင် ကားသေး ၂ သိန်း၊ ကားလတ် ၄ သိန်း၊ ကားကြီး ၈ သိန်းခန့်သာ ကုန်ကျခဲ့ရာက လက်ရှိလမ်းပိုင်း ကသာဆိပ်ကမ်းတွင် ကားသေး ၄ သိန်း၊ ကားလတ် ၆ သိန်း၊ ကားကြီး ၁၂ သိန်းအထိ ၂ ဆနီးပါး ပိုကုန်ကျသည်ဟု မိုးကုတ်သို့ဝင်မည့် ယာဉ်မောင်းတစ်ဦးက ပြောပါသည်။
“ပစ္စည်းတွေ အခွန်ကောက်တာ တိုးလာတယ်။ ရွှေဘိုပတ်လည်မှာရှိတဲ့ တော်လှန်ရေးဂိတ်တွေဆိုတော့ ဘီယာ တစ်ဖာ၊ ကုန်ဖာတစ်ဖာကို ဘယ်လောက်တို့ အခွန်ထပ်တိုးကောက်တာတွေ ရှိတယ်။ နောက်တစ်ခုကြတော့ အပေါ်လမ်းကနေသွားရတာ ဖြစ်တဲ့အတွက် မန္တလေးလမ်းကနေ မြစ်ကြီးနားလမ်းကို သွားရတာ။ ကသာနား ရောက်ခါနီးမှ ဧရာဝတီမြစ်ကို ပြန်ကူးပြီးတော့လေ ဗန်းမော်လမ်းကို ပြန်ယူရတာ။ အဲဒီကနေ နောက်ပြန်ဆုတ် လာပြီးတော့ မိုးမိတ်ကို ပြန်ဝင်ရတာဆိုတော့ အဲဒီမြစ်ကူးတဲ့ ကူးတို့ခက တော်တော်ဈေးကြီးတယ်” ဟု ၎င်းက ပြောသည်။
စစ်ကိုင်းလမ်းလွှဲမှ သွားရောက်ကြသည့်ယာဉ်လိုင်းများမှာ ကုန်ကျစရိတ်ပိုများလာသဖြင့် ကားခများမှာလည်း ဈေးတက်လာပြီး ယခင် နောက်ခန်း ၂ သိန်း၊ ရှေ့ခန်း ၃ သိန်း၊ အံစာတုံး တစ်သိန်းခွဲခန့်သာ ကုန်ကျခဲ့ရာက လက်ရှိတွင် နောက်ခန်း ၃ သိန်းခွဲ၊ ရှေ့ခန်း ၄ သိန်းခွဲ၊ အံစာတုံး ၂ သိန်းခွဲအထိ ဈေးတက်လာသည်ဟု ဆိုသည်။
မန္တလေး – မိုးကုတ် လမ်းလွှဲတစ်ခုဖြစ်သည့် မိုးကုတ် – အင်းဝိုင်း – ဘန်ဘွေး – ပြင်ဦးလွင် လမ်းပိုင်းကိုလည်း အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ၂ ဖက်တပ်များ ပိတ်ဆို့ထားပြီး ရံဖန်ရံခါရက်များမှသာ ဆိုင်ကယ်သီးသန့် သွားလာခွင့်ပြုသည်ဟု ယာဉ်မောင်းများကပြောသည်။
အဝေးပြးယာဉ်လိုင်းအချို့မှာ မန္တလေး - ကျောက်ဆည် – ရွာငံ – ရပ်စောက် – ကျောက်ဂူ – နမ့်လန် ကျောက်မဲလမ်းနှင့် မန္တလေး – ရွှေဘို – ကသာ – ငါးအိုး – မဘိမ်းလမ်းပိုင်း ၂ ခုမှလည်း သွားလာကြပြီး လက်ရှိ သွားလာကြသည့် လမ်းလွှဲ ၃ ခုလုံးမှာ အခက်အခဲများစွာ ကြုံတွေ့နေရသဖြင့် မိုးကုတ် – ပြင်ဦးလွင် – မန္တလေး လမ်းမကြီးအား အမြန်ဆုံး ဖွင့်ပေးနိုင်ရန် မျှော်လင့်စောင့်ဆိုင်းနေကြသည်။
NMG ပေးပို့သည်။